ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံခြားကြွေးမြီပြဿနာတွေနဲ့ စီးပွားရေးကို ကုစားဖို့အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ဆီကနေ ဘဏ္ဍာရေး အကူအညီရယူဖို့ ကြိုတင်သတ်မှတ်ချက်တွေကို သဘောတူရတော့မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ စဉ်းစားလို့တောင်မရလောက်အောင် သတ်မှတ်ချက်များတဲ့အချက်တွေကို လိုက်နာရတော့မယ့် အခြေအနေဖြစ်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အခွန်ငွေတိုးကောက်ဖို့နဲ့ အစိုးရထောက်ပံ့ကြေးတွေကို ပယ်ဖျက်ဖို့ IMF ကတောင်းဆိုထားပေမဲ့ ရွေးကောက်ပွဲကျင်းပဖို့ရှိနေချိန်မှာ ဒီအချက်တွေ ဆောင်ရွက်ဖို့ ပါကစ္စတန်အစိုးရက အရင်က ငြင်းဆန်နေတာပါ။ ဘဏ္ဍာရေး အကျပ်အတည်းအတွက် အကူအညီရဖို့ နှစ်ဘက် ဆွေးနွေးပွဲ လချီကြာနေပြီးတဲ့နောက် နောက်ဆုံး ကြိုးပမ်းတဲ့ အနေနဲ့ IMF ကိုယ်စားလှယ်အဖွဲ့ အင်္ဂါနေ့က ပါကစ္စတန်ကို လာရောက်ခဲ့တာပါ။
ဝန်ကြီးချုပ် Sharif က သူ့အနေနဲ့ အသေးစိတ် အချက်အလက်တွေကို ပြောမှာ မဟုတ်ပေမယ့် ပါကစ္စတန်တို့ ကြုံတွေ့နေရတဲ့ စီးပွားရေး စိန်ခေါ်မှုကတော့ မစဉ်းစားနိုင်လောက်အောင် ဖြစ်နေကြောင်း၊ ဒီကြိုတင် သတ်မှတ်ချက်တွေကို လက်ခံရတော့မှာ ဖြစ်ကြောင်း ပြောပါတယ်။ ငွေပေးငွေယူ ရှင်းတမ်း အကြပ်အတည်း ပြဿနာ၊ နိုင်ငံရေး နဲ့ လုံခြုံရေး အခြေအနေ ဆိုးဝါးနေတာတွေ ပေါင်းစပ်ပြီး ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေးက အောက်ဆုံးအဆင့်ကို ရောက်နေတာပါ။ ကြာသပတေးနေ့ကတော့ ပါကစ္စတန် ဗဟိုဘဏ်က နိုင်ငံခြား အရံငွေ ၃.၁ ဘီလီယံအထိ ကျဆင်းနေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
[Unicode]