[[Zawgyi/Unicode]]
မြန်မာနိုင်ငံမှာ မတရားလုပ်ခံရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကို ကိုယ်တိုင်ခံရသူ၊ မျက်မြင်တွေ့သူတွေအနေနဲ့ အချက်အလက်တွေကို လုံခြုံတဲ့လမ်းကြောင်းကနေ ပေးဖို့ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုယန္တရား IIMM ကတိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတကာဥပဒေတွေကို ဆိုးဆိုးဝါးဝါးချိုးဖောက်နေတာ သိသူ ဘယ်သူမဆို ဘေးကင်းလုံခြုံအောင်လုပ်ထားတဲ့ IIMM ရဲ့လမ်းကြောင်းကနေ ဆက်သွယ်နိုင်ပါတယ်လို့ IIMM အကြီးအကဲ Nicholas Koumjian က ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ၂၀၂၁ ခရစ္စမတ်အကြိုနေ့က ကရင်နီပြည်ခေါ် ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးမှာ ကလေးငယ်တဦးအပါအဝင် လူအယောက် ၃၀ သတ်ဖြတ် မီးရှို့ခံရတဲ့ဖြစ်ရပ်နဲ့ပတ်သက်တဲ့အထောက်အထားတွေကို သူတို့ IIMM အနေနဲ့ ဆက်လက်ရယူစုဆောင်းနေတယ်ဆိုတာကို ကြေညာချက်မှာ ဥပမာပေး ပြောထားပါတယ်။
မြန်မာနိုင်ငံတဝန်းမှာဖြစ်နေတဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အထောက်အထားတွေကို ရှာဖွေစုဆောင်းပြီး စိစစ်သုံးသပ်တာတွေကို IIMM ကဆက်လက် အားစိုက် လုပ်ဆောင်ပါတယ်လို့ပြောပါတယ်။ ၂၀၂၁ ဒီဇင်ဘာလ ၂၄ ရက်နေ့က မိုဆိုရွာအနီး လူ ၃၀ သတ်ဖြတ် မီးရှို့ခံခဲ့ရတဲ့ ဖြစ်ရပ် တနှစ်ပြည့်ချိန်မှာ ခုလို ကြေညာချက် ထုတ်ပြန် ပြောဆိုတာပါ။ ဒီဖြစ်ရပ်နဲ့အတူ တခြား ဒေသတွေမှာဖြစ်ခဲ့တဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ ဥပဒေမဲ့ထောင်ချမှု၊ ပြည်နှင်ဒဏ် သို့မဟုတ် အတင်းအကျပ် ရွှေ့ပြောင်းတာလို ရာဇဝတ်မှုသက်သေ အထောက်အထားတွေကိုလည်း စုဆောင်းနေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘုရားကျောင်းတွေလို အရပ်သားပြည်သူတွေရဲ့ နေရာတွေမှာ တိုက်ခိုက်မှုတွေ သိသိသာသာ တိုးလာတာကိုလည်း ထောက်ပြထားပြီး ဒီလိုအရပ်သားတွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် အပြစ်ပေး အရေးယူနိုင်တယ်လို့လည်း IIMM အကြီးအကဲက သတိပေးထားပါတယ်။
နိုင်ငံတကာ တရားမျှတမှုလုပ်ငန်းစဉ်ဟာ အသေးစိတ်ကျပြီး ရေရှည် အားစိုက် လုပ်ဆောင်ရတဲ့အတွက် အချိန်ယူရပေမဲ့ တရားမျှတမှုရရှိဖို့အတွက် အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်နေတဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြစ်မှု အထောက်အထားတွေ စုဆောင်း သုံးသပ်ပြီး နိုင်ငံတကာဥပဒေနဲ့အညီစစ်ဆေးတဲ့ တရားရုံးတွေကို မျှဝေဖို့ IIMM ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးထားတာဖြစ်ပါတယ်။
Your browser doesn’t support HTML5
=============
[[Unicode]]