(Zawgyi/Unicode)
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM က ပထမဆုံး အကြိမ် အဖြစ်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို သွားရောက်ခဲ့ပြီး အဖွဲ့ရဲ့ လုပ်ငန်းတာဝန်၊ ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ယန္တရားနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့ ကနေ ၁၄ ရက်နေ့ အထိ သွားရောက်ခဲ့တဲ့ ဘင်္ဂလားဒေရှ့် ခရီးစဉ် ကိုတော့ IIMM အကြီးအကဲ Nicholas Koumjian ဦးဆောင်ပြီး ကောဇ့်ဘဇားက ဒုက္ခသည် အသိုင်းအဝိုင်း ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ၊ လူမှု အသိုင်းအဝိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း ကြေညာချက် ထုတ်ပါတယ်။
သက်သေတွေရဲ့ လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှု ရှိရေးက မြန်မာ ဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ယန္တရားရဲ့ ထိပ်တန်း ဦးစားပေး ဖြစ်တယ် ဆိုတာ အပါအဝင် တခြား စိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း ဒုက္ခသည်တွေရဲ့ ကိုယ်စားလှယ်တွေကို မစ္စတာ Koumjian က ရှင်းပြခဲ့ပါတယ်။
လူမျိုး အသီးသီးက ဘေးဒဏ်သင့်သူတွေက မြန်မာဆိုင်ရာ ကုလ စုံစမ်းရေး ယန္တရား အတွက် အဓိက ဖြစ်ပြီး နောက်ထပ်လည်း အကြိမ်ကြိမ် လာရောက်မှာ ဖြစ်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။ အခု စုံစမ်းရေး ယန္တရားဟာ တရားရုံး တခုမဟုတ်ကြောင်း၊ ဖမ်းဆီးမှု၊ အပြစ်ပေးမှုတွေကို အဖွဲ့ အနေနဲ့ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုတာကို ရှင်းပြခဲ့သလိုဘဲ ဒီ မြန်မာဆိုင်ရာ စုံစမ်းစစ်ဆေးရေး ယန္တရားရဲ့ အဓိက လုပ်ငန်းတာဝန်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့က အဓိက ရည်ရွယ်ရင်း ဖြစ်ပါတယ်လို့လည်း IIMM ရဲ့ အကြီးအကဲက ပြောဆိုခဲ့ပါတယ်။
မြန်မာ ဆိုင်ရာ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား ဖွဲ့စည်းမှုကို မြန်မာဘက်က လက်မခံဘူးလို့ ပယ်ချထားပြီး ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးလို့လည်း ပြောဆိုထားတာပါ။
Your browser doesn’t support HTML5
..............
(Zawgyi/Unicode)