မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က အရပ်သားတွေကို တပ်သားသစ်အဖြစ် အတင်းအကြပ် စုဆောင်းတာ၊ ပြန်ပေးဆွဲ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ MNDAA လို့ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့ဟာ စစ်အတွင်း အရပ်သားတွေကို ကာကွယ်ပေးရေး လိုက်နာရမယ့် ဥပဒေကို ချိုးဖေါက်နေတယ်ဆိုပြီး HRW အဖွဲ့က စွပ်စွဲထားပါတယ်။
MNDAA အဖွဲ့ဟာ အရပ်သားတွေကို ဖမ်းဆီးပြီး တပ်သားသစ်အဖြစ်အတင်းအကြပ်စုဆောင်းတာတွေလုပ်ပြီး စစ်အတွင်း အရပ်သားတွေကို ကာကွယ်ရေးပေးရမယ့် ဥပဒေကို ချိုးဖောက်နေတယ်လို့ HRW အဖွဲ့ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။
ဒါ့အပြင် MNDAA အဖွဲ့အနေနဲ့ အခုလို အရပ်သားတွေအပေါ် ကျူးလွန်နေတာတွေကို ချက်ချင်းရပ်ဆိုင်းပြီး၊ တိုက်ပွဲတွေအတွင်း အရပ်သားတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေ အကုန်လုံးကို လုပ်သင့်တယ်လို့လည်း HRW အဖွဲ့က တိုက်တွန်းထားပါတယ်။
ဆက်စပ်ဖတ်ရှုစရာ
"ရှမ်းမြောက်မှာ စစ်ကောင်စီ စစ်ရာဇဝတ်မှုချိုးဖောက်တာရှိနိုင်" - Amnestyပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ကိုးကန့် MNDAA၊ တအာင်းန် TNLA ၊ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် (၃) ဖွဲ့ပေါင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို "၁၀၂၇ စစ်ဆင်ရေး" ဆင်နွဲခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အောက်တိုဘာလနောက်ပိုင်းကစပြီး ရှမ်းပြည်နယ်မှာ လူ ၁ သိန်းလောက်အပါအဝင် နိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၆ သိန်းလောက်ရှိတယ်လို့ HRW က ပြောပါတယ်။
HRW ရဲ့ ကြေညာချက်ထဲမှာတော့ MNDAA အဖွဲ့ဟာ လောက်ကိုင်ကနေ ထွက်ပြေးလာတဲ့သူတွေကို ဖမ်းဆီးတာတွေအပြင် ဖုန်းတွေကိုပါ သိမ်းယူတာရှိတယ်ဆိုပြီး ဒေသတွင်းမီဒီယာတွေနဲ့ မျက်မြင်သက်သေတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။ HRW ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ကိုးကန့်တပ်ဖွဲ့ဘက်ကပါ တစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။
တရုတ်-မြန်မာနယ်စပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တအောင်းပလောင်လွတ်မြောက်ရေးတပ်မတော်လို့ခေါ်တဲ့ TNLA က မိုင်းတုန် စစ်တပ်စခန်းကို သိမ်းဖို့ ကြိုးစားနေတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5