ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အစိုးရရဲ့ မိုးတွင်းကာလ သုံးလ ကျောက်စိမ်းတူးဖော်ခွင့် တားမြစ်ချက်ဟာ ဒီကနေ့ကစပြီး အသက် ဝင်ပြီဖြစ်ပါတယ်။ ဒီကန့်သတ်ချက်ဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု သက်သာအောင်နဲ့ နွံကန်မကြာခဏပြိုကျမှုတွေ မဖြစ်အောင်ဆိုပြီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ကန့်သတ်ချက်က လက်တွေ့မှာ ထိရောက်မှုမရှိဘူးလို့ ဝေဖန်မှုတွေရှိနေသလို၊ ပြုပြင်ပြောင်းလဲမှုတွေကို တဆင့်ချင်း လုပ်ဆောင်ဖို့ မျှော်လင့်နေကြတာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက ပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ရက်နေ့က မြန်မာ့ကျောက်မျက် ရောင်းဝယ်ရေးလုပ်ငန်းက ဖားကန့်မှာရှိတဲ့ ကျောက်မျက်ကုမ္ပဏီ တွေကို ဒီကနေ့ကနေစပြီး လာမယ့် စက်တင်ဘာ ၃၀ရက်ထိ တူးဖော်ခွင့်ပိတ်ဖို့ ညွှန်ကြားခဲ့တာပါ။
ဒီကနေ့စတင် အသက်ဝင်တဲ့ ဒီတားမြစ်ချက်ကို ဘယ်လို အကောင်အထည် ဖော်နေသလဲဆိုတာနဲ့ ပတ်သတ်လို့ ဖားကန့်ဒေသခံ ဆိပ်မူကျေးရွာနေ ဦးရွှေသိန်းက အခုလို ပြောပြလာတာပါ။
“မနေ့ကနဲ့ ဒီကနေ့ကြားရတဲ့သတင်းအရ သက်ဆိုင်ရာဆိုတဲ့နေရာမှာ နယ်မြေခံစစ်တပ်က ဦးဆောင်ပြီး မိသားစုဝင်ငွေရအောင် တပိုင်တနိုင်လုပ်ကိုင်ပြီး ကျောက်စိမ်းရှာတဲ့ သံတိုင် ပေါက်တူးသမားတွေကအစ အကုန်လုံး သိမ်းကျုံး ဖမ်းဆီးနေတယ်လို့သိရတယ်။ ဝါးလုံးသိမ်းဖမ်းပြီး သံတိုင်တွေကအစ သိမ်းဆည်းနေကြတယ် ဆိုတဲ့ သတင်းတော့ကြားတယ် ဒီနေ့မနက်က ထွက်လာတာပေါ့နော်။ ”
ဒီလိုချမှတ်လိုက်တာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု သက်သာအောင်နဲ့ နွံကန်မကြာ ခဏပြိုကျမှု တွေမဖြစ်အောင် ၊အသက်ဆုံးရှုံးမှုတွေ နည်းပါးအောင် ဆိုပြီးချမှတ်လိုက်တာဖြစ်ပေမယ့် လက်တွေ့မှာ ထိရောက်မှုမရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒီချမှတ်ထားသလို ရည်မှန်းချက်ပြည့်ဖို့ဆိုရင် ဒေသတွင်းလုံခြုံရေး တာဝန်ရှိသူတွေအနေနဲ့ အစိုးရနဲ့ လက်တွဲပြီး အမှန်တကယ် တားမြစ်အရေးယူတာ လုပ်ဖို့လိုတယ်လို့ ဦးရွှေသိန်းက ဆက်ပြောပါတယ်။
“တဖက်ကနေ နိုင်ငံတော်ကိုထိခိုက်နိုင်တဲ့စက်ယန္တရားတွေ သုံးပြီးတော့ ခိုးတူးနေတာကို တဖက်က အရေးယူပြီးတော့၊ တဖက်က မိသားစုဝင်ငွေရအောင် အခြေခံတိုင်းရင်းသားတွေရဲ့ လုပ်ကိုင်ခွင့်ရရှိအောင် တစုံတရာအတိုင်းအတာ ထိကို တချိန်တည်း တပြိုင်တည်း စီမံခန့်ခွဲမှုတွေ လုပ်ပေးဖို့ မြင်တာပေါ့လေ။ ဒီ၃လပိတ်ပြီး တရားမဝင်တူးနေတာကို အရေးယူမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စနစ်တကျ စီမံခန့်ခွဲပြီးတော့ အရေးယူမယ်ဆိုရင် တော့မဆိုးဘူးလို့ ပြောချင်ပါတယ်။”
ဒီလိုမျိုး ဝေဖန်မှုတွေရှိနေပေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို တဆင့်ချင်းပြောင်းလဲနိုင်ဖို့ မျှော်လင့်နေကြသူတွေလည်း ရှိနေပါတယ်။ ဒီထဲမှာ ဖားကန့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်လဲ ပါပါတယ်။ သူကတော့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတဲ့ အစိုးရ လုပ်ဆောင်ချက်က အတိုင်းအတာတခုထိ အောင်မြင်မယ်လို့ ယုံကြည် နေပါတယ်။
“ဒီမှာက အဓိက ဖြစ်ပျက်နေတာက ကျောက်စိမ်းအကျိုးတူ တူးဖော်တဲ့ အချိန်ကျတော့ အင်နဲ့အားနဲ့ လုပ်နေတဲ့ အခါကျတော့နွံကန်တို့မြေပြိုတာတို့က နေ့စဉ်နဲ့အမျှ ဖြစ်နေတာလေ၊ မဖြစ်အောင်ဘာ လုပ်ရမလဲ။ ထိန်းလို့လဲမရ၊ သိမ်းလို့လည်းမရ၊ သွားပြီးမှ ကြည့်နေလို့လည်းမရ အားလုံးက ဒါကိုစောင့်ကြည့်လို့လဲမရ၊ အဲတော့ဘာလုပ်ရမလဲ။ အနည်းဆုံး အသေအပျောက်နည်းအောင် (သို့မဟုတ်) ဒါတွေမတူးမှ အသေအပျောက်မရှိမှာ မဟုတ်ဘူးလား။မလုပ်တော့ဘူးဆိုရင် အသေအပျောက်မရှိတော့ဘူးလေ။ ဖြည်းဖြည်းချင်း တရားဥပဒေစိုး မိုးရေးအတွက်နည်းနည်းသွားရင်းနဲ့ ရပ်သွားမှာပေ့ါ ဒီလိုပဲ အကောင်းဆုံးတခုအနေနဲ့ လုပ်ကြည့်ကြတာပေါ့။”
ဒီလို တားမြစ်တာမလုပ်ခင် ရက်ပိုင်းအလိုက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးနဲ့ သယံဇာတ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးတို့ ဖားကန့်ကိုရောက်လာပြီး ကွင်းဆင်း လေ့လာတာတွေ လုပ်ခဲ့ပါတယ်။
ဖားကန့်ဒေသမှာ စွန့်ပစ်မြေစာတွေ ဥရုချောင်းမှာ စုပုံလာတာကြောင့် နှစ်စဉ်ရေကြီးရေလျံ တာတွေဖြစ်သလို၊ စွန့်ပစ်မြေစာပုံ ပြိုကျတာကြောင့် မကြာခဏ လူအသေအပျောက် ရှိနေပါတယ်။ ဒါအပြင် စက်ယန္တရားကြီးတွေကို အသုံးပြုတူးဖော်တာကြောင့် တော၊ တောင်တွေ ပြုန်းတီးနေသလို ယာဉ်မတော်တဆ ထိခိုက်မှုတွေကြောင့် သေဆုံး တာတွေ ရှိနေတာဖြစ်ပြီး ဒီအတွက် အခုလို မိုးတွင်းကာလ သုံးလ ကျောက်စိမ်းတူးဖော်ခွင့် တားမြစ်လိုက်တာဖြစ်ပါတယ်။
Your browser doesn’t support HTML5