ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်နေစဉ်မှာပဲ တရုတ်အစိုးရက တရုတ်စစ်တပ်တွေကို ဟောင်ကောင် နယ်စပ်ကို ရွှေ့ပြောင်း နေရာချထားခဲ့ပါတယ်။ ဟောင်ကောင်အရေး အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ အန္တရာယ် ကင်းကင်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က New Jersey ပြည်နယ်က မထွက်ခွာခင် အင်္ဂါနေ့က တိုက်တွန်းခဲ့သလို ဟောင်ကောင် ရဲတပ်ဖွဲ့က နိုင်ငံတကာ စံညွှန်း တွေနဲ့ မကိုက်ညီတဲ့ နည်းလမ်းတွေ သုံးပြီး ဆန္ဒပြပွဲကို နှိမ်နင်းခဲ့တာကို စုံစမ်း စစ်ဆေးဖို့ကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michele Bachelet က တောင်းဆိုလိုက်ပါတယ်။
ဂျီနီဗာမြို့က VOA သတင်းထောက် Lisa Schlein သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။
ဟောင်ကောင်မှာ အဓိကရုဏ်း နှိမ်နင်းရေး တပ်တွေနဲ့ ဆန္ဒပြနေသူတွေအကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားနေစဉ်မှာပဲ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ ပြင်ဆင်နေပုံရတဲ့ တရုတ်စစ်တပ်တွေကို တရုတ်အစိုးရက ဟောင်ကောင် နယ်စပ်ကို စေလွှတ်ခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီကိစ္စကို သူသိရှိကြောင်း တွစ်တာမှာ ရေးသားခဲ့ပြီး နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ကိုလည်း ပြောပါတယ်။
“ဟောင်ကောင်ကိစ္စက သိပ် ခက်ခဲတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဘာဖြစ်မလဲ စောင့်ကြည့်ရပါမယ်။ ဒီကိစ္စ ပြေလည်သွားမှာတော့ သေချာပါတယ်။ တရုတ်နိုင်ငံ အပါအဝင် အားလုံးအတွက် အဆင်ပြေမယ် လို့ မျှော်လင့်ပါတယ်။”
သမ္မတ ထရမ့်က အခုလို မပြောမီ အင်္ဂါနေ့ အစောပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ ဟောင်ကောင် လေဆိပ်ကို ဒုတိယနေ့အဖြစ် ပိတ်ဆို့ပြီး အဓိက လေဆိပ်ခန်းမကြီးကို အပြည့်အ၀ နေရာယူ ဆန္ဒပြခဲ့ကြပါတယ်။ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေ အပေါ် ငရုတ်ရည် မှုတ်ဆေးတွေ အသုံးပြု နှိမ်နင်းခဲ့သလို ခရီးသွား အိပ်တင်ဆောင်တဲ့လှည်းတွေကို အကာအကွယ်အဖြစ် အသုံးပြုနေတဲ့ ဆန္ဒပြနေသူတွေအပေါ်လည်း လက်ကိုင်တုတ်တွေ အသုံးပြု ရိုက်နှက်ခဲ့ပါတယ်။ ဒီလို အကြမ်းဖက် နှိမ်နင်းမှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michele Bachelet က ဆန္ဒပြသူတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြဖို့ တိုက်တွန်းခဲ့တဲ့နည်းတူ ဟောင်ကောင် အာဏာပိုင်တွေကိုလည်း ဆန္ဒပြပွဲတွေတားဆီးရာမှာ ပြင်းထန်တဲ့နည်းလမ်းတွေ အသုံးပြုမပြုဖို့ တိုက်တွန်းခဲ့ပါတယ်။
Ms. Bachelet ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville က လုံခြုံရေးတပ်ဖွဲ့တွေ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကိုMs. Bachelet အနေနဲ့ သတိပြု မိပြီး စိုးရိမ် ပူပန်ကြောင်း ပြောပါတယ်။
“လူ မသေနိုင်လောက်တဲ့ လက်နက်တွေကို လုံခြုံရေး တပ်ဖွဲ့တွေ အသုံးပြုရာမှာ နည်းလမ်းတွေက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မကိုက်ညီ တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ရုံးအနေနဲ့ လေ့လာသုံးသပ်နေပါတယ်။ ဥပမာ ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယို ဗုံးတွေကို ချောင်ပိတ်မိနေတဲ့နေရာမှာ ဆန္ဒပြသူတွေရှေ့ တည့်တည့်မတ်မတ်ကြီး ပစ်ထည့်နေတာကို အကြိမ် တော်တော်များများ တွေ့ရ ပါတယ်။ ဒါဟာ လူတွေသေစေလောက်တဲ့ အန္တရာယ် ရှိပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေနိုင်ပါတယ်။”
ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ရုံးကတော့ ဒီ အဖြစ်အပျက်ကို ချက်ချင်း စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပြီး လုံခြုံရေး အဖွဲ့ဝင်တွေ အနေနဲ့ စံနှုန်းတွေကိုလိုက်နာဖို့နဲ့ အင်အား အလွန်အကျွံ အသုံးပြုတာဟာ ပိုတင်းမာတဲ့အခြေအနေကိုသာ ဖန်တီးလာနိုင်တယ်လို့ ပြောပါတယ်။
“ဆိုးဆိုးရွားရွား ဒဏ်ရာရစေနိုင်တဲ့ ဒါမှမဟုတ် အဆောက်အဦးတွေ ပျက်စီးမှုကို ဦးတည်နေတဲ့ အန္တရာယ်လိုမျိုး အကြမ်းဖက် ဆူပူမှု ရှိတဲ့အခါမှသာ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ လူအုပ်ခွဲဖို့ မျက်ရည်ယို ဗုံးကို သုံးသင့်ပါတယ်။ ဒီ အခြေအနေမှာတောင် လူကို တိုက်ရိုက် မပစ်မိစေဖို့ မျက်ရည်ယိုဗုံးကို အမြင့်ကို ပစ်လွှတ်ဖောက်ခွဲရပါမယ်။”
အငြိမ်းစား ဒု ရဲချုပ်ဟောင်း Alan Lau ကို ဆန္ဒပြပွဲတွေ ကိုင်တွယ်ဖို့ အငြိမ်းစား ယူရာကနေ တာဝန် တစ်ဖန် ပေးအပ်ပြီးနောက်မှာ ရဲတပ်ဖွဲ့က အခုလို အဓိကရုဏ်း နှိမ်နင်းရေး နည်းလမ်းသစ်တွေကို ကျင့်သုံးလာတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ မျက်နှာဖုံးစွပ်၊ အဝါရောင် ဦးထုပ် ဆောင်ပြီး အကျီအနက်ရောင်ဝတ်လို့ ဆန္ဒပြသူတွေလို အယောင်ဆောင်ပြီး လူအုပ်ထဲ မယုံကြည်မှုတွေ တိုးပွားအောင် နည်းလမ်းတွေကျင့်သုံး နေတယ်လို့လည်း အမည်မဖော် လိုတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောတယ်လို့လည်း ဆိုပါတယ်။
ဟောင်ကောင်က ဆန္ဒပြနေသူတွေဟာ အချက် ၅ ချက် ရရှိဖို့ ဆက်လက် ဆန္ဒပြနေတာဖြစ်ပါတယ်။ တရားခံ လွှဲပြောင်းပေးရေး ဥပဒေကို လုံး၀ ရုပ်သိမ်းပေးဖို့၊ ဆန္ဒပြသူတွေကို အဓိကရုဏ်းသမားတွေ အဖြစ် ပုံဖေါ်နေတာကို ရပ်ဆိုင်းဖို့၊ ဆန္ဒပြသူတွေအပေါ် စွဲချက်တင် ထားတောတွေ ပယ်ဖျက်ပေးဖို့၊ ရဲတပ်ဖွဲ့ အကြမ်းဖက်နှိမ်နင်းမှုကို စုံစမ်းစစ်ဆေးဖို့နဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ဟောင်ကောင် လူထုက တိုက်ရိုက်ရွေးချယ်နိုင်တဲ့ ရွေးကောက်ပွဲ စနစ် ပြဌာန်း ထားရှိဖို့ဆိုတဲ့ အချက်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5