ဟောင်ကောင် ဆန္ဒပြသူများကို တရုတ်သတိပေး

ဟောင်ကောင် ဆန္ဒပြသူများ

ဟောင်ကောင်မှာ နှစ်လကျော်ကြာ ထိပ်တိုက်ရင်ဆိုင် ဆန္ဒပြနေကြတာကြောင့် ဒီလိုအခြေအနေတွေ ဖန်တီးနေတဲ့ ဆန္ဒပြသူတွေကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

ဒီလို အကြီးအကျယ် ဆန္ဒပြမှုကို ဦးဆောင်သူတွေအနေနဲ့ သူတို့အပြစ်ဒဏ်ကို ရင်ဆိုင်ရဖို့ လက်တကမ်းသာ လိုတော့ကြောင်း ဘေဂျင်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်အစိုးရရဲ့ ဟောင်ကောင်နဲ့ မက္ကာအိုဆိုင်ရာ ပြောခွင့်ရ Yang Guang က သတင်းထောက်တွေကို ပြောပါတယ်။

ဟောင်ကောင်ကို ဗြိတိန်လက်အောက်ကနေ တရုတ်အစိုးရလက်ထဲကို ပြန်လွှဲပြောင်းပေးတဲ့ ၁၉၉၇ ခုနှစ် ကတည်းကဆိုရင် အခုလို လနဲ့ချီကြာ အကြီးအကျယ် ဆန္ဒပြမှုကြောင့် အာရှရဲ့ စီးပွားရေးအချက်အခြာကျတဲ့ ဒေသဟာ နိုင်ငံရေးအရ ရှေ့မတိုးသာ နောက်မဆုတ်သာ အဆိုးဆုံးအခြေအနေနဲ့လည်း ရင်ဆိုင်နေရတာပါ။

ဟောင်ကောင်မှာ ရာဇဝတ်မှုကျူးလွန်သူတွေကို တရုတ်ပြည်မကြီးကို ပြန်လွှဲပေးရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဇွန်လကတည်းက ဆန္ဒပြလာကြတာပါ။

ဒီဥပဒေဟာ ရာဇဝတ်မှုကျူးလွန်သူတွေကိုသာမက နောက်ပိုင်းမှာ တရုတ်အစိုးရဆန့်ကျင်သူတွေကိုပါ ဖမ်းဆီးပြီး ပို့ဆောင်လာနိုင်မယ့်အခြေအနေ ရောက်မသွားနိုင်အောင် ကန့်ကွက်ကြတာလည်း ဖြစ်ပါတယ်။ အခုလိုဆန္ဒပြမှုတွေကြောင့် ဒီဥပဒေကြမ်းကို အတည်ပြုဖို့ ဆိုင်းငံ့ထားပေမယ့် ဒီမိုကရေစီအခွင့်အရေးတွေ မဆိတ်သုဉ်းရအောင် ဆက်ဆန္ဒပြနေကြတာပါ။

ရာဇဝတ်သားတစုဟာ ဟောင်ကောင်ကို နက်ရှိုင်းတဲ့ချောက်ထဲ တွန်းချနေကြောင်း Yang က ပြောကြားပြီး အခြေအနေကို လျှော့မတွက်ဖို့နဲ့ တရုတ်အစိုးရရဲ့ သဘောထားကြီးမှုကို အားနည်းချက်အနေနဲ့ မမြင်စေလိုကြောင်း ပြောပါတယ်။ မီးနဲ့ကစားတဲ့သူတွေ အဲဒီမီးနဲ့ ပြန်လောင်မြိုက်ခံရနိုင်ကြောင်းလည်း သူက သတိပေးသွားပါတယ်။

Your browser doesn’t support HTML5

ဟောင်ကောင် ဆန္ဒပြသူများကို တရုတ်သတိပေး