ဟောင်ကောင်မှာ ဆန္ဒပြသူထောင်ပေါင်းများစွာဟာ ရာသီဥတု အလွန်ပူတဲ့ကြားက အပူဒဏ်ကိုခံပြီး ဒီကနေ့ တနင်္ဂနွေနေ့မှာ ဆက်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူတွေဟာ အနက်ရောင် အင်္ကျီတွေကို ဝတ်ဆင်ဆန္ဒပြခဲ့ကြပြီး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တရပ်လုပ်ဆောင်ဖို့ စာတမ်းတွေကိုကိုင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အငြင်းပွားစရာဖြစ်နေတဲ့ တရုတ်နိုင်ငံကို တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကြောင့် ဟောင်ကောင်ဒေသခံတွေက အစိုးရကို ဆန္ဒပြနေကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ လအတွင်း ဟောင်ကောင်အစိုးရကို ဆန္ဒပြတဲ့သူဟာ သန်းနဲ့ချီရှိခဲ့တာကြောင့်၊ ဟောင်ကောင်မှာ တခါမှ မကြုံဖူးလောက်အောင်ကို ဆန္ဒပြတဲ့သူ အရေအတွက်များခဲ့တာဖြစ်ပြီး၊ ဗြိတိန်နိုင်ငံဆီကနေ တရုတ်နိုင်ငံကို လွဲှပြောင်းပေးခဲ့ပြီး တဲ့နောက် ၂၂ နှစ်အတွင်းမှာ အဆိုးရွားဆုံး လူထုမငြိမ်သက်မှုဖြစ်ပါတယ်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ကတော့ ဒီဥပဒေကြမ်းကြောင့် အခုလို လူထုမငြိမ်သက်မှုဖြစ်တဲ့အပေါ်မှာ တောင်းပန်လိုက်ပြီး၊ ဒီဥပဒေကြမ်းကိုလည်း လုံးဝရုပ်သိမ်းခဲ့ပါတယ်။ ဥပဒေကြမ်းကို ရုပ်သိမ်းပြီးချိန်ကစပြီး ဆန္ဒပြပွဲတွေက ဖြည်းဖြည်းချင်းအသွင်ပြောင်းလာ ခဲ့ပြီး၊ ဒီမိုကရေစီပြုပြင်းပြောင်းလဲရေး နဲ့ ရဲတပ်ဖွဲ့ရဲ့ အင်အားသုံးနှိမ်နှင်းမှုတွေအပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တောင်းဆိုလာနေကြတာဖြစ်ပါတယ်။