ဟောင်ကောင် ဆန္ဒပြပွဲ ရဲဖြိုခွင်း

ဟောင်ကောင်က လမ်းမတွေပေါ်မှာ တနင်္ဂနွေနေ့က ထပ်ပြီး ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီရေး တောင်းဆိုသူတွေကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေ ရာဘာ ကျည်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။

သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေက သီတင်းပတ် ၇ ပတ်မြောက် အဖြစ် ဆက်တိုက် ဆန္ဒပြခဲ့ကြတာမှာ ဆန္ဒပြသူ တချို့က တရုတ်အစိုးရ ဆက်သွယ်ဆောင်ရွက်မှုရုံးက တရုတ် အမျိုးသား သင်္ကေတကို ဖျက်စီးခဲ့ကြပါတယ်။ တချို့ကတော့ အဆောက်အအုံကို ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို အနီးတဝိုက်က လုံခြုံရေး ကင်မရာတွေကိုလည်း ဆေးတွေနဲ့ ဖျန်းပက်ခဲ့ကြပါတယ်။ ဟောင်ကောင်ကျွန်းရဲ့ စီးပွားရေး ရပ်ကွက်တခုလုံးမှာတော့ မျက်ရည်ယိုဗုံးက အငွေ့အသက်တွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။

ရာဇဝတ်မှုနဲ့ စွဲဆိုခံရသူ ဟောင်ကောင် ဒေသခံတွေကို တရုတ်ပြည်မကြီးထံ တရားရင်ဆိုင်ရေး လွှဲပြောင်းပေးမယ့် ဥပဒေကြမ်းကို အခု ဆိုင်းငံ့ထားတာကနေ အပြီးသတ် ဖျက်သိမ်းပေးဖို့ ဆန္ဒပြသူတွေက အရင်က တောင်းဆိုရာကနေ အခုတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ နောက် ဟောင်ကောင် အပေါ် တရုတ်ရဲ့ တင်းကြပ်တဲ့ ကိုင်တွယ်မှုတွေ အဆုံးသတ်ရေးတို့ကို ပြောင်းလဲ တောင်းဆိုခဲ့ကြတာပါ။ ဆန္ဒပြသူ အများအပြားကတော့ ဟောင်ကောင် လွတ်မြောက်ရေး ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ ဗြိတိန် ကိုလိုနီ အဖြစ်ကနေ တရုတ်ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ၂၂ နှစ်တာ ကာလ အတွင်း အခု ဆန္ဒပြပွဲတွေကတော့ အဆိုးရွားဆုံး လူထု မတည်ငြိမ်မှုကြီး ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဟောင်ကောင် ဆန္ဒပြပွဲ ရဲဖြိုခွင်း