(Zawgyi / Unicode)
ဟောင်ကောင်ကျွန်းရဲ့ ခေါင်းဆောင်သစ်အဖြစ် John Lee ကို ရွေးကောက်တင်မြှောက်လိုက်ပြီ ဖြစ်ပါတယ်။ တရုတ်အစိုးရလိုလားတဲ့ ရွေးကောက်ပွဲကော်မတီဝင် ၉၉ ရာခိုင်နှုန်းက သူ့ကို ရွေးချယ်တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။
ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရဖို့ လိုအပ်တဲ့ ၇၅၁ မဲထက် ၂ ဆမက ကျော်လွန်ပြီး John Lee က စုစုပေါင်းမဲ ၁,၄၁၆ မဲနဲ့ တနင်္ဂနွေနေ့မနက်က ရွေးကောက်တင်မြှောက်ခံလိုက်ရတာပါ။
ပြီးခဲ့တဲ့လအတွင်း တရုတ်အစိုးရရဲ့ ထောက်ခံမှု ရရှိခဲ့သူလည်းဖြစ်၊ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးကော်မတီရဲ့ ကြိုတင်ထောက်ခံမဲ ၇၈၆ မဲကို ရရှိထားသူလည်း ဖြစ်တာကြောင့် တဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်သူ John Lee အနေနဲ့ သေချာပေါက် အနိုင်ရမယ်လို့ ကြိုတင်တွက်ဆထားကြပြီး ဖြစ်ပါတယ်။
John Lee ဟာ လက်ရှိ အုပ်ချုပ်ရေးမှူး Carrie Lam နေရာမှာ ဇူလိုင်လ ၁ ရက်နေ့မှာ အစားထိုး တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
John Lee ကို အုပ်ချုပ်ရေးမှူးအသစ်အဖြစ် ရွေးကောက်တင်မြှောက်လိုက်တဲ့အတွက် တရုတ်အစိုးရက ဟောင်ကောင်ကျွန်းအပေါ် ပိုမိုတင်းကျပ်တဲ့ အုပ်ချုပ်ရေးစနစ် ချမှတ် လုပ်ဆောင်လာမလား ဆိုတဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
တရုတ်အစိုးရအပေါ် သစ္စာခံသူ မျိုးချစ်တွေသာ ဟောင်ကောင်အုပ်ချုပ်ရေးမှူးရာထူးကို လက်ခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ အငြင်းပွားဖွယ် ဥပဒေသစ်ကို မနှစ်က ပြဋ္ဌာန်းအပြီးမှာ ဒီရွေးကောက်ပွဲ ဖြစ်ပေါ်လာတာပါ။ အဲဒီဥပဒေဟာ အတိုက်အခံအင်အားစုတွေ လုံးဝ ပျောက်ကွယ်သွားအောင် ချမှတ်လိုက်တဲ့ လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။
အခုလို John Lee ရွေးကောက်ခံလိုက်ရတဲ့အပေါ် လက်ရှိအုပ်ချုပ်ရေးမှူး Carrie Lam က ချီးကျူးစကား ပြောကြားလိုက်ပြီး ရွေးကောက်ပွဲရလဒ်ကို တရုတ်အစိုးရထံ တင်ပြသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
Your browser doesn’t support HTML5
----------------------------------
(Unicode)