စစ်ကောင်စီကို ဆိုရှယ်မီဒီယာပေါ်မှာ ရုပ်သံဗီဒီယိုကတဆင့် ပြစ်တင်ဝေဖန်ခဲ့လို့ မေလတုန်းက ဖမ်းဆီးခံထားရတဲ့ ဟစ်ဟော့ပ် အဆိုတော်ဗျူဟာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရကြောင်း မိသားစုဝင်တစ်ဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာ အင်းစိန်ထောင်ကတဆင့် ဗျူဟာရဲ့ အမှုစီရင်ချက်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေရရှိခဲ့ကြောင်း စစ်ကောင်စီရဲ့ ဖမ်းဆီးအရေးယူခံရမှာစိုးရိမ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့မိသားစုဝင်တဦးက ကြာသပတေးနေ့မှာ အတည်ပြုခဲ့တယ်လို့ အေပီသတင်းမှာဖော်ပြပါတယ်။ နိုင်ငံတော် ပုန်ကန်မှု အစိုးရဝန်ထမ်း တဦး အပေါ် အကြည်ညို ပျက်စေရန် ပြောဆိုမှု၊ အကြောက်တရား ဖြစ်ပေါ်စေရန် လှုံ့ဆော်မှု၊ မဟုတ်မမှန်သတင်းများ ဖြန့်ဝေလှုံ့ဆော်မှုနဲ့ တရားစွဲခံထားရပေမယ့် ပြစ်ဒဏ်ကို ဘယ်လို ချမှတ်ခဲ့လဲ ဆိုတာတော့ သူ့ အနေနဲ့ ရှင်းရှင်းလင်းလင်းမသိခဲ့ရဘူးလို့ မိသားစုဝင်က ဆိုပါတယ်။
အသက် ၃၈ နှစ်အရွယ် မင်းအုပ်မြန်မာ (ခေါ်) ဗျူဟာကို ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခဲ့တာက မြန်မာအနုပညာရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေထဲက သဘောထားကွဲပြားသူ၊ အာဏာသိမ်း စစ်ကောင်စီကို ဝေဖန်သူတွေ အပေါ် ပြစ်ဒဏ်ချတဲ့ အထဲ အမြင့်ဆုံးနဲ့ အပြင်းထန်ဆုံး ဖြစ်ဖွယ်ရှိပါတယ်။.
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာ လူမှုကွန်ရက်က ဗီဒီယိုထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လျှပ်စစ်ဝန်ကြီးကို ဗျူဟာက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါ။ အဲဒီလိုဝေဖန်ပြီးနာရီပိုင်းအကြာမှာပဲ ရန်ကုန်မြို့က သူ့ရဲ့တိုက်ခန်းမှာ ဗျူဟာကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်စာမျက်နှာရဲ့ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ချက်မှာ ဗျူဟာက ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာမရရှိတာအပေါ် ဝေဖန်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်နဲ့ လျှပ်စစ်ဝန်ကြီးနှစ်ဦးကို “အရည်အချင်းမရှိသူ”၊ “လူမိုက်” အစရှိတဲ့ စကားလုံးတွေ သုံးစွဲပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တုန်းက လျှပ်စစ်ဓာတ်အား ပိုပြီး ကောင်းကောင်းမွန်မွန် ပေးနိုင်ခဲ့တာနဲ့ နှိုင်းယှဥ် ပြောခဲ့တာပါ။
ဗျူဟာအဖမ်းခံရပြီး (၅) ရက်အကြာမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်လုပ်ဆောင်မှု၊ ဝါဒဖြန့်တွေကြောင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း နိုင်ငံပိုင်မီဒီယာက ကြေညာခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့နဲ့ တရားစွဲခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အချိန်ကြာမြင့်စွာ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်နေပြီး မတ်လကနေ ဇွန်လဆန်းပိုင်းအထိ အဓိက စီးပွားမြို့တော် ရန်ကုန်မြို့မှာ စွမ်းအင်ချွေတာနိုင်ဖို့ နေ့စဉ် တရက်မှာ ရှစ်နာရီလောက်အထိ ပျမ်းမျှ လျှပ်စစ်ဓာတ်အား ပြတ်နေပြီး လက်ရှိတိုင်လည်း နေ့စဉ် လေးနာရီလောက် ဓာတ်အားပြတ်တောက်တာတွေ ရှိနေပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ မှတ်တမ်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လူပေါင်း ၄,၀၀၀ ယောက် လောက် သေဆုံးခဲ့ပြီး လလူ ၂၄,၄၁၀ ယောက် ဖမ်းဆီး ခံခဲ့ရပါတယ်။ ထင်ရှားကျော်ကြားသူတွေဟာလည်း ဆန္ဒပြလှုပ်ရှားမှုတွေကို ထောက်ခံအားပေးတာမျိုး ဖြစ်ဖြစ် စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ အရပ်သားတွေကို စာနာမှုပြသတာမှာ ဖြစ်ဖြစ် အထူးပစ်မှတ်ထားခံနေရပါတယ်။
Your browser doesn’t support HTML5