ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာရှိတဲ့ ဟိုမိန်းကျေးရွာမှာ မိုးသီးရွာသွန်းတဲ့ဒဏ်ကြောင့် လက်ဖက်ခင်းအားလုံးနီးပါး ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရာသီဥတု စပ်ကူးမပ်ကူး ကာလတွေမှာ ဖြစ်တတ်တဲ့ မိုးလေဝသဖြစ်စဉ်ထဲ မိုးသီးကြွေတာ အပါအဝင် တခြား သဘာဝဘေးတွေကို မိုးဇလက သတိပေးထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက ပြောပြမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်က ဟိုမိန်းကျေးရွာ အပါအဝင် ရွာရဲ့အနီးဝန်းကျင်မှာ မတ်လ ၁၅ ရက်၊ မနေ့က မနက်အစောပိုင်းမှာ မိုးသီးရွာသွန်းတဲ့ဒဏ်ကြောင့် လက်ဖက်ခင်း အကုန်လုံးနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခူးရမယ့် လက်ဖက်အညွန့်တွေနဲ့ အပင်ကြီးတွေက လက်ဖက်အရွက်ကြမ်းတွေလည်း အကုန်လုံး ပါသွားတယ်လို့ နမ့်ဆန်ဒေသခံတဦးက ပြောပါတယ်။
"ဟိုမိန်းကျေးရွာနဲ့ ၃မိုင်၊ ၄မိုင် အတွင်းပေါ့လေ။ အဲဒီမှာ မိုးသီးက လောက်စလုံးလောက်ပေါ့၊ သေးတာလည်းရှိတယ်၊ အဲဒီထက်ကြီးတာတော့ နည်းနည်းပါးပါးတော့ ပါတာပေါ့။ အဲဒီ ဟိုမိန်းနဲ့ ၄၊ ၅ မိုင်ဝန်းကျင်က မထွက်သေးတာတွေကတော့ ရွက်ကြမ်းတွေအကုန်လုံး ပါသွားတာပေါ့လေ။ မနှစ်က ခုတ်ထားတဲ့လက်ဖက်ပင် အသေးတွေကတော့ ခူးမလို့လုပ်နေတဲ့ လက်ဖက်ခြံတွေ အားလုံးနီးပါးကတော့ အကုန်လုံး ဘာမှမရှိတော့ဘူး။ အဲဒီဘက်ခြမ်းက များသောအားဖြင့် နှစ်စဉ်နှစ်တိုင်း မိုးသီးကတော့ မပြတ်ဘူးဗျ။"
အခုလို မိုးသီးကြွေတဲ့ဖြစ်စဉ်က အဲဒီအရပ်မှာ နှစ်စဉ်ဖြစ်နေကြ ရာသီဥတု အခြေအနေလို့လည်း ပြောပါတယ်။ လက်ဖက်အညွန့်နဲ့ အရွက်ကြမ်းတွေ အားလုံးပါသွားပေမယ့် နေအိမ်အပျက်အစီးတော့ မရှိသေးဘူးလို့ ပြောပါတယ်။
မြန်မာပြည် နွေကာလဖြစ်တဲ့ မတ်၊ ဧပြီနဲ့ မေလတွေမှာ နေ့အပူချိန်မြင့်ပြီး အဲဒီကနေတဆင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာအပြင် နေရာကွက်ပြီး မိုးထစ်ချုန်းရွာတတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေ ရှိတယ်လို့ မိုးဇလက သတိပေးထားပါတယ်။ ဒီကာလတွေမှာ မိုးရွာရင် မိုးသီးကြွေတဲ့ဖြစ်စဉ်က နှစ်စဉ်ဖြစ်လေ့ရှိပြီးတော့ မြန်မာပြည်အထက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ပိုပြီးဖြစ်တတ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
"မေလဆိုရင် နွေနဲ့ မိုးကြိုကာလ ရောက်သွားပြီ။ အခု မတ်လက ဆောင်းနဲ့နွေ စပ်ကူးမပ်ကူး ကာလပေါ့။ နောက် ဧပြီကျတော့ အပူချိန် အမြင့်ဆုံး ကာလပေါ့။ ဆိုတော့ စပ်ကူးမပ်ကူး ကာလတွေမှာပဲ ဖြစ်တဲ့သဘော ရှိတာပေါ့နော်။ တကယ်တမ်းကျတော့ မိုးသီးကြွေတယ် ဆိုတာက မိုးတိမ်တောင်ပေါ့လေ၊ သူက ဖွံ့ဖြိုးမှုအားကောင်းရင် သူ့ရဲ့ထိပ်ဖျားက ပေ ၄၊ ၅ သောင်း အထိမြင့်တယ်။ အဲတော့ အဲဒီ ပေ ၄၊ ၅ သောင်းမှာ အပူချိန်ကျဆင်းတဲ့ အနေအထားရှိတော့ တိမ်ထိပ်ဖျားတွေက အေးတဲ့အခါကျတော့ ရေတွေခဲတာပေါ့လေ။ မိုးတိမ်တောင်တွေက မိုးရွာတဲ့အခါကျတော့ ရေခဲတွေ ပါလာတာပေါ့နော်။"
မိုးသီးကြွေတဲ့ဖြစ်စဉ်က ဧပြီလလောက်မှာ အဖြစ်များပြီးတော့ အခုနှစ်ထဲမှာ မိုးသီးကြွေတာစောတယ်လို့ ပြောပါတယ်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာလည်း မတ်လ ၁၅ ရက်၊ မနေ့က ညပိုင်းအချိန်မှာ မိုးရွာတာနဲ့အတူ မိုးသီးကြွေတာလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်တဲ့ဖြစ်စဉ်ကြောင့် တချို့နေရာတွေမှာ သစ်ပင်တွေကျိုးပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။
Your browser doesn’t support HTML5
{Unicode}