ကိုဗစ်အပြီး အိပ်မရတာ ဖြေဖျောက်နည်း

  • ဝင်းမင်း

Volunteers treat a coronavirus (COVID-19) patient in the town of Kale

Your browser doesn’t support HTML5

ကိုဗစ်အပြီး အိပ်မရတာ ဖြေဖျောက်နည်း

ကိုဗစ်-19 ဖြစ်အပြီး၊ အိပ်မရတာအတွက် ဖြေဖျောက်နည်းတွေရှိပေမဲ့၊ အကျိုးဆက်ကိုလည်း သတိပြုမိဖို့၊ ကျန်းမာရေးပညာရှင်တွေက ထောက်ပြအကြံပြုထားကြပါတယ်။

ဖြေဖျောက်နည်းတစ်ခုကတော့ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲကြောင့် ဖြစ်လာတဲ့ ဒဏ်ကို လက်ခံလိုက်ဖို့ပါ။ ဥပမာအားဖြင့် ကိုဗစ်ကူးစက်မူကို စိုးရိမ်ပြီး၊ အရင်လို လူအချင်းချင်း ပုံမှန်တွေ့ဆုံမူတွေ (Human Contact) မရှိတော့တဲ့ ဒဏ်ခံရတာမျိုးအတွက်ပါ။ ဒါပေမဲ့ ကိုယ်တိုင်ကိုဗစ်ဖြစ်ခဲ့တာမို့၊ မိမိကိုသာ ရှောင်ကျဉ်သွားကြပြီလားလို့ မှားယွင်းစဉ်းစားမိကာ ဒီဒဏ်ကို ပိုဆိုးသွားတတ်ပါတယ်။ တကယ်က မိမိနဲ့တင်မကပဲ၊ အချင်းချင်းတွေ့ဆုံမူတွေအားလုံး မရှိတော့တာက အခုလို ရောဂါကူးစက်ချိန်မှာ ပုံမှန်ဖြစ်တတ်တာကို နားလည်ပြီး၊ ဒီဒဏ်ကို ကျော်လွှားနိုင်အောင် လက်ခံလိုက်ဖို့ပါ။ ဒါကို Acceptance Therapy (လက်ခံခြင်းဖြင့် ဖြေဖျောက်မူ) လို့လည်း ခေါ်နိုင်ပါတယ်။ ဥပမာ နာကျင်တဲ့ဒဏ်ကို နာတယ်လို့သာ ဆက်တုံ့ပြန်ခြင်းဖြင့် ပိုနာနိုင်ချိန်မှာ၊ ဒီနာတာကို လက်ခံလိုက်လျှင်တော့ နာကျင်တာ သက်သာစေနိုင်ပြီး၊ တချိန်ပြန်သက်သာလာနိုင်တာကိုမြင်ကာ ပူပန်သောကလည်း လျော့ကျသွားပြီး သက်သာမူရနိုင်ပါတယ်။

နောက်ဖြေဖျောက်နည်းကတော့ တကယ်မဟုတ်တဲ့ အခုလိုအတွေးမှားတွေကို တကယ်လက်တွေ့ဖြစ်တာနဲ့ ပြန်ပြောင်းယူဖို့ပါ။ ဒီအတွေးမှားကို ပြန်တွန်းလှန်ပြီး (Cognitive Re-challenge) ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ဖို့ လိုပါတယ်။ တခြား မိတ်ဆွေအပေါင်းအသင်းနဲ့ မိသားစုတွေကလည်း ဒီလမ်းကြောင်းအတိုင်း ကူညီမေးခွန်းထုတ်ပေးပြီး ပြုပြင်ပေးသင့်ပါတယ်။ ဥပမာ တကယ်ရော ကိုယ့်ကို ရှောင်ကျဉ်သူတွေရှိလာလား။ သူတို့အနေနဲ့ လာတွေ့ဖို့ အခွင့်အခါကောင်းကို စောင့်နေတာလား စသည်ဖြင့် မေးခွန်းတွေကို ပြန်စဉ်းစားကြည့်သင့်ပါတယ်။ အကယ်၍ မိမိကိုယ် ရှောင်နေကြပြီလို့ အဆိုးမြင်အဆင့်မှာသာ ရပ်ထားမိလျှင်တော့ စိတ်ကျမူပိုဖြစ်ပြီး အိပ်ရေးပျက်တာ ပိုဆိုးစေနိုင်ပါတယ်။ ဒါပေမဲ့ မိမိမိတ်ဆွေတွေအနေနဲ့ တကယ်တမ်းက လာတွေ့ဖို့အခွင့်အခါကောင်းစောင့်နေတာလို့၊ လက်တွေ့မှန်လေ့ရှိတဲ့ အမြင်မျိုးပြောင်းလာလျှင်တော့၊ ချစ်ခင်သူတွေဆက်ရှိနေတာအတွက် စိတ်ခွန်အားဖြစ်စေပြီး ပြန်သက်သာစေနိုင်ပါတယ်။ ဒါကို Cognitive Behavior Therapy (ပြုမူစဉ်းစား မူမှန်အောင်ပြောင်းယူခြင်း ကုစားမူ) လို့လည်း ခေါ်ပါတယ်။ ဒါတွေကို စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေ တိုင်ပင်ဆွေးနွေးတဲ့နည်းနဲ့ ကုစားပေးနိုင်သလို၊ မိတ်ဆွေတွေနဲ့ မိသားစုတွေကလည်း ဒီနည်းနဲ့ သတိပြုမိအောင် ကူညီဆွေးနွေးပေးနိုင်ပါတယ်။

အလားတူ စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး၊ အချိန်ပိုင်းအရ မှားယွင်းရောထွေးမိနိုင်တဲ့အတွက်လည်း၊ လက်ရှိပစ္စုပ္ပန်အခြေအနေ ပြန်ရောက်အောင် ပြောင်းယူနိုင်ပါတယ်။ သေလုမျောပါးဖြစ်ခဲ့တာကြောင့် စိတ်ဒဏ်ရာကြီးတွေ ဖြစ်လာချိန်မှာ၊ သဘာဝအရ အချိန်အကန့်အသတ် မရှိဘဲ အဖန်တလဲလဲ လက်ရှိမှာဖြစ်နေသလို ပြန်မြင်ယောင်တာ (Flashback) ဖြစ်တတ်ပါတယ်။ ဒါကို သတိချပ်မိပြီး၊ အရင်တချိန်က ဖြစ်ခဲ့တာသာဖြစ်ကာ၊ အခုတော့ ကုသပြီး ပြန်ကောင်းချိန် ရောက်သွားပြီဆိုတာကို မိမိကိုယ်တိုင် ပစ္စုပ္ပန်ပြန်ရောက်အောင် ပြန်ပြောင်းစဉ်းစားယူဖို့မျိုးပါ။ မတူတော့တဲ့ ဒီ အချိန် နှစ်ခုကို ပိုင်းခြားလိုက်နိုင်ဖို့ လိုပါတယ်။ အနာဂတ်မှာ ပြန်ဖြစ်လာမလားလို့ ကြိုပြီးစိုးရိမ်တာမျိုးအတွက်လည်း အလားတူ ပစ္စုပ္ပန်ကို ပြန်ဆွဲယူဖို့လိုပါတယ်။ အခုလို လက်ရှိပစ္စုပ္ပန်ကို ပိုင်းခြားမြင်နိုင်လာအောင် မိတ်ဆွေမိသားစုတွေအနေနဲ့လည်း ဝိုင်းကူဆွေးနွေးပေးနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေမိသားစုတွေအနေနဲ့ ဒီစိတ်ဒဏ်ရာကို ကျေညက်သွားဖို့ ကိုဗစ်ပြန်ကောင်းလာချိန်ထဲကစပြီး အကောင်းဆုံး နားထောင်နှစ်သိမ့်ပေးနိုင်ပါတယ်။ ဒီနည်းတွေနဲ့ စိတ်ခြောက်ခြားမူ (Anxiety) ကို လျော့ကျစေပြီး ပြန်အိပ်ပျှော်စေနိုင်ပါတယ်။

အကယ်၍ ကိုဗစ်ဖြစ်အပြီး အိပ်ရေးပျက်တာ မသက်သာပါက အကျိုးဆက်အဖြစ် ယာယီစိတ်ကျတာ စဖြစ်ရာကနေ၊ စိတ်ဓာတ်ကျရောဂါကြီး (Major Depression) အဆင့်အထိ ဖြစ်လာနိုင်တာကိုလည်း သတိပြုမိဖို့လိုပါတယ်။ တချို့မှာ စိတ်ခံစားချက်ပြောင်းလာပြီး ယာယီစိတ်ဓာတ်ကျမူအဖြစ် ရုတ်တရက် တုံ့ပြန်တတ်တဲ့ စိတ်ဆိုးဒေါသထွက်လွယ်မူ (Anger & Outburst) ဖြစ်လာနိုင်သလို၊ အရင်အခံရှိထားသူတွေမှာတော့ တစ်ပူပေါ် နှစ်ပူဆင့်ကာ၊ အခုလို စိတ်ဓာတ်ကျရောဂါကြီးအဆင့် ဆက်ရောက်သွားနိုင်ပါတယ်။ စိတ်ဓာတ်ကျရောဂါကြီးအဆင့် ရောက်လာလျှင်တော့ သတိပြုနိုင်တဲ့ လက္ခဏာတွေက အစာမစားတာ၊ ပိန်လာတာ၊ အဆိုးမြင်လာတာ၊ မှားယွင်းတွေးခေါ်တာစသည်ဖြင့် ပိုဆိုးလာပြီး၊ နောက်ဆုံး မိမိကိုယ်ကိုယ်ကို လုပ်ကြံဖို့ စဉ်းစားလာတဲ့အဆင့်ထိ အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။ အခုလိုဖြစ်လာလျှင်တော့ ကြိုတင်သတိပြုမိပြီး ပြန်ကောင်းစေတဲ့ ကုသမူခံယူသင့်ပါတယ်။ ဆရာဝန်တွေအနေနဲ့ အိပ်ဖို့သာ လိုအပ်တဲ့အဆင့်အဖြစ် စိတ်ကျပြန်ကောင်ဆေး (Anti-Depressant) ပေးလေ့ရှိပြီး၊ ဒီအကျိုးဆက်ကြီးကနေ ကာကွယ်ပေးနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီးနဲ့၊ မြန်မာဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ Dr. Raymond တင့်ဝေ ကိုဆက်သွယ်မေးထားပါတယ်။

== Unicode ==





