အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လူတွေ လမ်းပေါ်မှာ သရဲတွေလို ကြောက်မက်ဖွယ်ရာ ဝတ်စုံတွေ ဝတ်ဆင်သွားလာကြတဲ့ ဟော်လိုဝင်း ပါတီ ဒီနေ့ ကျင်းပမှာပါ။ မနေ့ကတော့ အိမ်ဖြူတော်မှာ ဟော်လိုဝင်း အကြို ပွဲတော်ကျင်းပပြီး သမ္မတကတော် Jill Biden က ပန်ဒါဝတ်စုံကြီးတွေ ဝတ်ဆင်ပြီး သမ္မတ Joe Biden နဲ့အတူ ဧည့်ခံခဲ့ပါတယ်။ အောက်တိုဘာလလယ် ဝါရှင်တန်မြို့တော် တိရစ္ဆာန်ရုံကို ရောက်လာတဲ့ ပန်ဒါ ဝက်ဝံတွေကို ကြိုဆိုတဲ့အနေနဲ့ အခုလို သမ္မတကတော်က ပန်ဒါဝတ်စုံကို ဝတ်ဆင်ထားတာပါ။
မကောင်းဆိုးဝါးတွေကို နှင်ထုတ်တဲ့ ရည်ရွယ်ချက်နဲ့ ဖရုံသီးပုံစံ မီးပုံးတွေ၊ ကြောက်မက်ဖွယ်ရာ ဝတ်စုံတွေကို ဝတ်ဆင်ကြတယ်လို့ အယူရှိပေမဲ့ ဟော်လိုဝင်းဟာ သေဆုံးသွားတဲ့ အာဇာနည်တွေ၊ သူရဲကောင်းနဲ့ သစ္စာစောင့်သိသူတွေကို အောက်မေ့ သတိရတဲ့ ပွဲတော်လို့လည်း ပြောဆိုကြပါတယ်။ တချို့ကလည်း ကြောက်မယ်ဖွယ်ပုံစံမျိုးစုံ ဝတ်ဆင်သွားလာတာကို အကြောင်းပြုပြီး တစ္ဆေကြီးများပွဲတော်လို့ ခေါ်ကြပါတယ်။
မနေ့က အိမ်ဖြူတော်မှာတော့ နှစ် ၄၀ ကြာ ကျောင်းဆရာမ လုပ်ခဲ့တဲ့ သမ္မတကတော် Jill Biden က "Hallo-Read" ဆိုပြီး ကလေးတွေကို စာဖတ်အောင် အားပေးတဲ့ အနေနဲ့ မျက်ခင်းပြင်မှာ ကျောချမ်းစရာ ဖရုံသီးပုံပြင် ဇာတ်လမ်းတိုလေးတွေကို ဖတ်ပြခဲ့ပါတယ်။ သမ္မတ Joe Biden ကလည်း အစဉ်အလာအတိုင်း ရောက်လာတဲ့ကလေးငယ်တွေကို ချိုချဉ်တွေ၊ သကြားလုံးတွေ ပေးဝေခဲ့ပါတယ်။