မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပွားနေတဲ့ H1N1 ရာသီတုပ်ကွေးရောဂါ သံသယရှိသူအဖြစ် ဆေးရုံတက်ကုသနေတဲ့ လူနာပေါင်း ၁၃၀ကျာ်သွားပြီဖြစ်ပြီး H1N1ပိုးတွေ့ရှိသူ ၄၁ဦး၊ H1N1 ကြောင့် သေဆုံးသူကတော့ အနည်းဆုံး ၇ဦးအထိ ရှိသွားပြီလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ ရာသီတုပ်ကွေး (H1N1)ရောဂါဖြစ်ပွားမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုလိုက်တာပါ။ မဆုမွန် ဆက်ပြောပြပါမယ်။
ဒီကနေ့ ဇူလိုင်လ ၃၀ရက်နေ့ မနက်ပိုင်းမှာရာသီတုပ်ကွေးရောဂါ H1N1 ((Seasonal Influenza A (H1N1) ) ဗိုင်းရပ်စ်ရောဂါပိုး ဖြစ်ပွားနေဆဲအခြေအနေ၊ ပြည်သူတွေအကြား ကြိုတင်ကာကွယ်နိုင်ရေးနဲ့ ရှောင်ရန်ဆောင်ရန် အချက်တွေနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့က ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ အစည်းအဝေးကျင်းပခဲ့ပြီး ဒီအစည်းအဝေးအပြီးမှာပဲ သတင်းစာ ရှင်းလင်းပွဲတရပ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကိုတော့ ကျမ်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဦးဆောင်ပြီး ရှင်းပြခဲ့တာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁)ရက်နေ့ကစလို့ ဇူလိုင်လ (၂၉)ရက်နေ့ အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ (H1N1) ရာသီတုပ်ကွေးရောဂါ သံသယရှိသူအဖြစ် ဆေးရုံတက်ရောက်ကုသသူပေါင်း (၁၃၈)ဦး ရှိနေပြီး (H1N1) ပိုးတွေ့ရှိတဲ့ လူနာပေါင်းက (၄၁)ဦးအထိ ရှိနေပါတယ်။ ဒီ (H1N1)ရောဂါပိုးကြောင့် သေဆုံးသူလူနာပေါင်းက ဇူလိုင် (၂၉)ရက်အထိ (၇)ဦး ရှိသွားပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
“H1N1 သံသယလူနာပေါင်း (၁၃၈)ဦး ၊ပိုးတွေ့က (၄၁)ဦး သေဆုံးသူ ၇ ဦးပေါ့။”
လတ်တလော ရန်ကုန်ဆေးရုံကြီးအထူးကြပ်မတ်ဆောင် ဆေးကုသပေးနေတာနဲ့ ဝေဘာဂီအထူးကုဆးရုံကြီးမှာ H1N1 တုပ်ကွေးရောဂါသံသယရှိသူတွေနဲ့ ကူးစက်ခံရသူတွေကို ဆေးကုသမှုပေးနေတဲ့အခြေအနေတွေ နောက် တကယ်လို့ နိုင်ငံခြားသားတွေကို ကူးစက်ခဲ့မယ်ဆိုရင် ဘယ်လိုကုသဖို့ စီစဉ်ထားတယ်ဆိုတာကိုတော့ ပြည်သူ့ကျမ်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ရှင်းပြပါတယ်။
“ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ဆောင်မှာ လိုအပ်တဲ့ ကုတင်အရေအတွက် မရှိပါဘူး။ ဒါကြောင့် မို့လို့ ဝေဘာဂီမှာ အထူးကြပ်မတ်ကုသဆောင် H1N1 လူနာများကို ဝေဘာဂီမှာ ပြောင်းရွှေ့ကုသဖို့အတွက် စီစဉ်ခဲ့တာဖြစ်ပါတယ်။”
ပြည်သူအများ စိုးရိမ်ထိတ်လန့်နေသလို အရမ်းဆိုးရွားတဲ့ကူးစက်ရောဂါ မဟုတ်ဘူးဆိုတာကိုလည်း သတင်းစကားပါးလိုပါတယ်လို့ ဒေါက်တာသာထွန်းကျော်ကပြောပါတယ်။
“ဒီလောက်အန္တရာယ်များတဲ့ ပိုးတွေ့လူနာတွေကို ကိုင်တွယ်ကုသနေသော ကျန်းမာရေးဝန်ထမ်းများမှာ ဆရာတို့မျှော်မှန်းထားသလို ကူးစက်တဲ့အခြေအနေ လက်ရှိအနေအထားမှာ ဆရာတို့လုံးဝမတွေ့ရသေးပါဘူး။ ဒါဆိုရင် လူထုတွေအနေနဲ့ ပိုပြီးတော့တောင် လုံခြုံစိတ်ချတယ်ဆိုတဲ့ information လေး ဆရာတို့ပေးပါရစေ။”
နောက် အထူးသဖြင့် လူထူထပ်တဲ့နေရာတွေနဲ့ လူမြင်ကွင်းတွေမှာ နှာခေါင်းစီး အကာအကွယ်ပစ္စည်း တွေ တပ်ဆင်နေကြတာနဲ့ပတ်သက်လို့လည်း ပြည်သူအများအခုလို ကျမ်းမာရေး အသိပညာ တိုးလာတာကို ကြိုဆိုသလို စနစ်တကျ တပ်ဆင်ကြဖို့လိုတယ်ဆိုတာကိုလည်း သမားတော်ကြီး ဒေါက်တာဝင်းနိုင်က အကြံပြုပါတယ်။
“လူနာမဟုတ်ပဲနဲ့ လူကောင်းတွေကိုယ်တိုင်က လမ်းထဲမှာ သွားရင်းနဲ့တပ်နေတဲ့အချိန်မို့လို့ တပ်ရမယ်ဆိုတဲ့အသိ၊ တပ်ပြီးမရှက်တော့ဘူး ဆိုတဲ့ ခံယူချက် ။ အဲဒါကြောင့်ဆရာတို့က အပြုသဘောဆောင်တယ်လို့ ဒီဟာကိုတော့ ဆရာတို့ကြိုက်တယ်။ ဒါပေမယ့် တပ်တဲ့အခါမှာ တကယ်ထိထိမိမိရှိရဲ့လား ၊ တကယ်အသုံးဝင်သလား Mask တွေက အမျိုးမျိုးရှိတယ် ၊ နှာခေါင်းနဲ့ ပါးစပ်ကိုအုပ်တာ အခုကြည့်လိုက်ရင် ဖြစ်နေတာက လည်ပင်းမှာ လာချိတ်ထားတယ်။ တချို့အိတ်ထဲခေါက်ထည့်ထားတယ်။ တချို့ကတော့ ထုတ်လိုက်တပ်လိုက်လုပ်နေတယ်။ ဆိုတော့ ဒီအချက်ကတော့ လုံးဝမှားနေတယ်။ တပ်ပြီဆိုရင် နှာခေါင်းနဲ့ ပါးစပ်ကို လုံခြုံအောင်တပ်ရမှာ ဒါ ၁ အချက်ပေါ့နော် ၊ ၂ အချက်က ဘယ်အမျိုးအစားကို တပ်မလဲ။”
ကျန်းမာရေးဝန်ကြီးဌာနနဲ့အတူ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝန်ကြီးဌာနအားလုံးက ပူးပေါင်းပြီး H1N1 တုပ်ကွေးရောဂါကူးစက်မှုကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။ ဒီအထဲမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘက်က အထူးသဖြင့် ရေဘေးကူညီကယ်ဆယ်ရေးစခန်းတွေနဲ့ လူနေထူထပ်တဲ့နေရာတွေမှာ H1N1 တုပ်ကွေးရောဂါ ပညာပေးလုပ်ငန်းတွေနဲ့ ကျမ်းမာရေးအထောက်အကူပစ္စည်းတွေကို ကူညီထောက်ပံ့ပေးနေတယ်လို့ လူကယ်ပြန်ဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးရဲမျိုးမင်းက ဗွီအိုအေကိုပြောပါတယ်။
“လူအုပ်စုလိုက်နေတဲ့ အခုလို ရေဘေးသင့်ပြည်သူတွေ ဆီမှာ ဆိုလိုတာက တစုံတယောက်ကဖျားမယ်၊ ဒါမှမဟုတ်ရင်လည်း ခေါင်းဆိုးတာတွေ ရှိမယ်ဆိုရင်တော့ ဒီလိုရိုးရိုးခွဲစိတ်ခန်းသုံး နှာခေါင်းစည်းပေါ့နော် ကျနော်တို့က ပေးခဲ့တယ်။ ဆိုလိုတာက သူ့ဆီကနေ သူများဆီကို လောလောဆည်မပျံ့နှံ့အောင်ပေါ့နော်။ အဲဒါသုံးဖို့ နောက်ပြီးအဓိကတော့ လက်ဆေးဖို့ပေါ့နော် ခဏခဏ ဒီလက်သန့်ရှင်းရေးကို ခဏခဏဆေးပေးဖို့။ လူမှုဝန်ထမ်းဦးစီးဌာန နဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့လည်း ကျောင်းတွေဘာတွေမှာ ပညာပေးတွေ လုပ်နေတယ်ခင်ဗျ။”
မြန်မာနိုင်ငံတွင်း ပြည်သူအများစိုးရိမ်ထိတ်လန့်နေကြတဲ့ ရာသီတုပ်ကွေးရောဂါ H1N1 ((Seasonal Influenza A (H1N1) ) ဗိုင်းရပ်စ်ရောဂါပိုး ဖြစ်ပွားနေဆဲအခြေအနေ၊ ပြည်သူတွေအကြား ကြိုတင်ကာကွယ်နိုင်ရေးနဲ့ ရှောင်ရန်ဆောင်ရန်အချက်တွေနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးညှိနှိုင်းအစည်းအဝေးကို သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေနဲ့ ဆရာဝန်ကြီးတွေ၊ ဆေးပညာရှင်တွေ ပြည်သူ့ကျမ်းမာရေးကျွမ်းကျင်မှုဆိုင်ရာ အကြံပေးသမားတော်တွေ စုဝေးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
Your browser doesn’t support HTML5