နော်ဝေး ညီလာခံနဲ့ မြန်မာ ကျောင်းသားအရေး

နော်ဝေးနိုင်ငံ၊ Bergen မြို့မှာ မေလ ၉ ရက်ကနေ ၁၁ ရက်နေ့ အထိကျင်းပနေသော Global Student Voice နိုင်ငံတကာ ကျောင်းသားများ ညီလာခံ။ (Courtesy Photo)

နော်ဝေးနိုင်ငံမှာ ကျင်းပနေတဲ့ Global Student Voice လို့ ခေါ်တဲ့ နိုင်ငံတကာ ကျောင်းသားများ ညီလာခံကို တက်ရောက်နေတဲ့ ဗကသ - ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ကိုယ်စားလှယ် ကိုသီဟဝင်းတင်က မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်နဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေကို အဓိက ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Global Student Voice - နိုင်ငံတကာ ကျောင်းသားများ ညီလာခံကို နော်ဝေးနိုင်ငံ၊ Bergen မြို့မှာ မေလ ၉ ရက်ကနေ ၁၁ ရက်နေ့ အထိကျင်းပနေတာ ဖြစ်ပါတယ်။ ဒီညီလာခံမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖြစ်နဲ့ ဗကသ - ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားမဂ္ဂများ အဖွဲ့ချုပ်က ဗဟိုလုပ်ငန်း ကော်မတီ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုသီဟဝင်းတင် တက်ရောက်နေတာပါ။

ညီလာခံအတွင်း ဗကသအနေနဲ့ မြန်မာနိုင်ငံအတွင်းက ကျောင်းသားတွေအတွက် လိုအပ်နေတဲ့ ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးသွားမယ်လို့ သူက ပြောပါတယ်။

“အဓိက ကတော့ ကျွန်တော်တို့ ဘက်က ဗကသ အနေနဲ့ ဆွေးနွေးမှာကတော့ organizing ကို လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ပက်သက်ပြီးတော့ တစ်ချက် ရယ်၊ academic freedom ဆိုတဲ့ တစ်ချက်ရယ် ဒီနှစ်ခုကိုပဲ တည်ပြီးတော့ ဆွေးနွေးမှာပါ ခင်ဗျ။ ”

အရင် အစိုးရအဆက်ဆက် လက်အောက်မှာ ကျောင်းသားတွေဟာ ဖိနှိပ် ချုပ်ခြယ်ခံခဲ့ကြရပြီး ကျောင်းသားတွေရဲ့ အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ကျောင်းသားမသဂ္ဂဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ပညာသင်ကြားခွင့် စတဲ့ အခြေခံ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ပညာရေး ဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို အကြမ်းဖက် နှိပ်နင်းပြီး ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ထောက်ခံ အားပေး သူတွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။

ဧပြီလ ၁ ရက်နေ့က အစိုးရတာဝန်ကို လွဲပြောင်း ရယူခဲ့တဲ့ NLD အစိုးရဟာ ဧပြီလ ၈ ရက်နေ့ကစလို့ ပညာရေးသပိတ်မှာ ပါဝင်ခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းခံထား ရတဲ့ ကျောင်းသားခေါင်းဆောင်တွေအပါအဝင် တခြား တက်ကြွ လှုပ်ရှားသူ တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ အခြေအနေ အထိလဲ ဗကသ အပါအဝင် ကျောင်းသား အဖွဲ့အစည်းတွေဟာ တရားဝင် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခြင်း မရှိသေးတဲ့အတွက် တရားဝင် အဖွဲ့အစည်းဖြစ်လာရေး ဦးတည် လုပ်ဆောင်နေတယ်လို့ ကိုသီဟဝင်းတင် က ပြောပါတယ်။

“အခုလောလောဆယ် ဆိုရင်တော့ တရားဝင် အဖွဲ့အစည်းအနေနဲ့ မရှိသေးဘူး လို့ ပြောလို့ ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ semi ယူဂျီ အဆင့်ပဲ ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုလောလောဆယ်မှာ legally မဖြစ်သေးဘူးလို့ပဲ ပြောရမှာပေါ့နော်။ နောက်ခြောက်လအတွင်းမှာ တရားဝင်ဖြစ်အောင်လို့ ကျောင်းသားထု ညီလာခံကို ခေါ်ဖြစ်အောင်လို့ ကြိုးစားဖို့ သံန္ဒဌာန်ချထားတယ်။ ကျွန်တော်တို့ ဗဟိုလုပ်ငန်း ကော်မတီအနေနဲ့လည်းလေ။ အဲဒီလိုမျိုး ညီလာခံ ခေါ်ဖြစ်မယ်ဆိုရင်တော့ အဲဒီမှာတင် Centeral Executive Committee ထွက်လာမယ်။ CEC ထွက်လာရင် တစ်စုံတစ်ရာ အနေနဲ့ တရားဝင် သွားပြီလို့ သတ်မှတ်လို့ ရတယ်ခင်ဗျ။ ”

မြန်မာနိုင်ငံအတွင်းက ကျောင်းသာတွေရဲ့ လိုအပ်ချက်တွေ ရရှိရေးအတွက် လက်ရှိ အစိုးရနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ ကိစ္စကို လည်း နိုင်ငံတကာ ကျောင်းသားများညီလာခံမှာ တက်နေကြတဲ့ တခြား ကျောင်းသားတွေနဲ့ ဆွေးနွေးဖြစ်တယ်လို့ သူက ပြောပါတယ်။

“အဓိကကတော့ ကျွန်တော်တို့က အခုလောလောဆယ် ပြောတဲ့ အနေအထား မျိုးက အစိုးရက ဒီမိုကရေစီအစိုးရလို့ သတ်မှတ်လို့ရတဲ့ NLD အစိုးရ တက်လာပြီ။ ကျွန်တော်တို့ အရင်ကတည်းက တောင်းဆိုချက်တွေကလည်း မရသေးဘူး။ ကျွန်တော်တို့ အနေနဲ့ ဒီတောင်းဆိုချက်တွေကို အညင်သာဆုံး အနူးညံ့ဆုံးနည်းနဲ့ ဘယ်လို မျိုး ဆက်လက် အကောင်အထည်ဖော်သွားမလဲဆိုတာ ကိုပဲ အဓိကဆွေးနွေးဖြစ်တယ်ခင်ဗျ။ အခုက ကျောင်းသားတွေကလဲ ပေါင်းစုံဖြစ်နေတော့ issue ကလဲ ပေါင်းစုံဖြစ်နေတယ်။ သူတို့က အကုန်လုံး သတ်မှတ်လိုက်တာက တကမ္ဘာလုံးမှာ ရှိတဲ့ ကျောင်းသားတွေရဲ့ အသံကို ဒီအထဲမှာ စုမယ်။ အဲဒီအထဲမှာ အကုန်လုံး ပါအောင် အဓိက လုပ်မယ်။ ပြီးသွားလို့ ရှိရင် နောက်ရည်ရွယ်ချက်ကတော့ အမြဲတမ်း ဒီ Global student တွေအနေနဲ့ invest ဖြစ်နေဖို့ကို ရည်ရွယ်ထားတာ ခင်ဗျ။”

မြန်မာနိုင်ငံက ကျောင်းသားတွေ ပညာရေးလှုပ်ရှားမှုအပါအဝင် နိုင်ငံရေးမှာ တက်ကြွစွာ ပါဝင် လုပ်ဆောင်တာတွေ၊ ကျောင်းသားတွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကိစ္စတွေကို နိုင်ငံတကာက ကျောင်းသားတွေကစိတ်ဝင်တစား မေးမြန်းကြတယ်လို့လည်း ကိုသီဟဝင်းတင်က ပြောပါတယ်။