မြန်မာ့ဒီမိုကရေစီရေး အကူအညီပေးဖို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကတိပြု

ပူးတွဲသတင်းစာ ရှင်းလင်းပွဲ အပြီး ပြင်သစ်-မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး လက်ဆွဲနှုတ်ဆက်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီပေးဖို့ အဆင်သင့်ရှိတယ် လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Jean- Marc Ayrault က ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးရုံး မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါ တယ်။ မြန်မာပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရသစ် ကို ထောက်ခံအားပေးဖို့ အတွက် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဟာ မြန်မာပြည်ကိုရောက်ရှိနေတာ လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မမြင်မြင့်ခိုင်က တင်ပြထားပါတယ်။

မြန်မာပြည်ကို ၃ရက်ကြာရောက်ရှိနေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ဟာ ဇွန်လ ၁၇ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်တို့ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြင်သစ်-မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ပူးတွဲသတင်းစာရှင်းလင်းပွဲ

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံချိန်မှာ မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကြောင်းဆွေးနွေး ခဲ့ကြပြီး ပြင်သစ်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကူညီပေးဖို့ အဆင်သင့်ရှိတယ် လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Jean- Marc Ayrault က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ ပူးတွဲသတင်း စာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး

"ဒေါ်အောင်ဆန်းစုကြည်ဦးစီးဦးဆောင်ပြုနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရအဖွဲ့က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ လေးစားအသိ အမှတ်ပြုပါတယ်။ ဒါတွေဟာအတော်လေးခက်ခက်ခဲခဲလုပ်ရမယ့်ကိစ္စ္စပါ။ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ အကူအညီမှန်သမျှ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရ အဖွဲ့က တောင်းခံလာရင် ကျနော်တို့ဘက်က ကူညီဖို့ အမြဲအသင့်ရှိ ပါတယ်။ ဒေါ်စုရဲ့ စိတ်ရှည်သည်းခံမှုနဲ့ ပိုင်းဖြတ်မှုတွေနဲ့ အတူ၊ ခက်ခဲတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ သတ္တိခွန်အားတွေ၊ ဂုဏ်သိက္ခာတွေနဲ့အတူ ဒီငြိမ်းချမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အပေါ်ကျနော်တို့လေးစား အသိအမှတ်ပြုရပါတယ်။"

ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဖွံဖြိုးရေးအတွက် ယူရိုသန်း ၂၀၀ ကူညီပေးသွားဖို့ လည်း ရှိတယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး

အခုလို ပြင်သစ်နိုင်ငံ အကူအညီနဲ့ပတ်သက်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည်က လည်း ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

"ကျမတို့ဟာ ယဉ်ကျေးမှုဘက်မှာတင် မကပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေး ဘက်၊ နိုင်ငံရေးဘက်၊ စီးပွားရေးဘက်မှာ ပြင်သစ်နိုင်ငံဟာ ကျမတို့ကို တစိုက်မတ်မတ် ကူညီအားပေးခဲ့တာမို့ ဒီဟာကို ဒီအချိန်မှာ ကျေးဇူးတင်တယ်လို့ ကျမတို့ပြောနိုင်ခဲ့တာကို အင်မတန်မှ ကျမ ဝမ်းသာပါတယ်။"

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟာအစိုးရသစ်ကိုထောက်ခံအားပေးဖို့နဲ့ ပြင်သစ်- မြန်မာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ ကို မြှင့်တင်ဖို့ မြန်မာနိုင်ငံကို လာရောက်တာဖြစ် တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇေယျကပြောပါတယ်။

"အနှစ်ချုပ်မယ်ဆိုရင်တော့ တစ်အချက်က အစိုးရ ကို ထောက်ခံ အားပေးကြောင်း၊ နောက်တခါ နိုင်ငံခြားမှာ ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ bilateral အခြားပူးပေါင်းဆောင်ရွက်ရေးတွေ ကို မြှင့်တင်ဖို့ ကိစ္စတွေ အဓိကပါပဲ။"

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုတခေါက် မြန်မာပြည် ခရီးစဉ်မှာ နှစ်နိုင်ငံကြား သီးခြား MOU လက် မှတ်ရေးထိုးဖို့ မရှိပေမယ့် ပြင်သစ်နိုင်ငံအနေနဲ့ မြို့ပြစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရေအရင်းအမြစ်နဲ့ ရေဆိုးသန့်စင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ကိစ္စတွေမှာ ထောက်ပံ့ ကူညီပေးဖို့တော့ရှိတယ် လို့ ဦးကျော်ဇေယျက ဆက်ပြောပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ၃ရက်ကြာ မြန်မာပြည် ခရီးစဉ်မှာ ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပြင် ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အခြားအစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေနဲ့လည်းတွေ့ဆုံဖို့ရှိပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ဒီမိုကရေစီရေး အကူအညီပေးဖို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကတိပြု