ရခိုင်အရေး အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးရတာ အပါအဝင် ဒေသတွင်းက သူတို့ ကြုံတွေ့ရတဲ့ အတိဒုက္ခတွေဟာဆိုရင် လူမျိုးတုံး သတ်ဖြတ်မှုတွေ အထိ ရောက်နေပြီလို့ ယူဆတဲ့ အကြောင်း အမေရိကန် အထက်လွှွတ်တော် နိုင်ငံခြားရေး ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင် အထက်လွှတ်တော်အမတ် Ben Cardin က ပြောဆိုလိုက်ပါတယ်။

ပထဝီ နိုင်ငံရေး ၊ စီးပွားရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ငဲ့ညှာမှုတို့ နဲ့ ပတ်သက်တဲ့ မြန်မာဆိုင်ရာ အမေရိကန် မူဝါဒကို ဆန်းစစ် ကြားနာပွဲ တရပ်ကို အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီမှာ အခု ကြားနာပွဲ တရပ် ကျင်းပနေတာပါ။ ရိုဟင်ဂျာ ကိစ္စဟာ ဆိုရင် စစ်တပ်က ပံ့ပိုးအားပေးနေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် သူ ယူဆတဲ့အကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီကိစ္စကို တာဝန်ယူ လုပ်ဆောင်တာ မတွေ့ရဘဲ စစ်တပ်ကသာ ချယ်လှယ်နေတယ်လို့လည်း လွှတ်တော် အမတ် Cardin က ပြောဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရတာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ် ဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး W. Patrick Murphy၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mark Storella နဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာနက ဒီမိုကရေစီ၊ ပဋိပက္ခနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဗျူရိုရဲ့ ယာယီဒုလက်ထောက် အုပ်ချုပ်ရေးမှူး V. Kate Somvongsiri တို့ကတော့ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်နိုင်ခြင်း ရှိမရှိ ဆိုတာကို ဆန်းစစ်နေဆဲဖြစ်ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ရခိုင်အရေး အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ