ရခိုင်ပြည်နယ်ထဲမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ရက်စက်တဲ့လုပ်ရပ်တွေမှာ တာဝန်ရှိတယ်လို့ဆိုပြီး စစ်တပ်နဲ့ စစ်တပ်အရာရှိတွေအပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူမှုတွေကို စတင်လုပ်ဆောင်နေပါပြီ။ တပ်မတော်နဲ့ အမေရိကန်ကြား အရင်ထဲက ရှိနေတဲ့ အကန့်အသတ်ထား ဆက်ဆံရေးနဲ့ ပိတ်ဆို့မှုတွေအပြင် စီးပွားရေးအရ ပစ်မှတ်ထား အရေးယူမှုတွေချမှတ်ဖို့လည်း စဉ်းစားသုံးသပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂၃ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ရခိုင်ပြည်နယ်က အခြေအနေတွေ ပြောင်းလဲသွားမှာပါလား။ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးအပေါ်မှာရော ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေရပ်ဆိုင်းသွားစေဖို့နဲ့ ရက်စက်တဲ့လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေကို အရေးယူနိုင်ဖို့ဟာ အရေးကြီးတယ်လို့ အမေရိကန်အစိုးရက ပြောကြားပြီး ကျူးလွန်ခဲ့သူ တဦးတယောက်ချင်းနဲ့ အဖွဲ့အစည်းတွေအပေါ် အရေးယူမှုတွေကို အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာစစ်တပ်အပေါ် အမေရိကန်အစိုးရက ဟိုးအရင်ထဲက ပိတ်ဆို့ထားတဲ့ လက်နက်ရောင်းဝယ်မှုအားလုံးနဲ့။ လက်ရှိမြန်မာစစ်တပ်နဲ့ အကန့်အသတ်ထား ဆက်ဆံမှုတွေအပြင် နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှု အသေးစိတ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Heather Nauert ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအရေးယူမှုတွေထဲမှာ လက်ရှိနဲ့ အရင်စစ်တပ်ခေါင်းဆောင်တွေအပေါ် အမေရိကန်ပြည်ဝင်ခွင့်ပေးဖို့ စဉ်းစားမှုကို သြဂုတ်လ ၂၅ ရက်နေ့ထဲကစလို့ ရပ်ဆိုင်းထားပါတယ်။
စစ်အစိုးရအုပ်ချုပ်မှုကာလက မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရ ချမှတ်ထားခဲ့တဲ့ အရေးယူဒဏ်ခတ်မှုတော်တော်များများကို သမ္မတအိုဘားမားအစိုးရလက်ထက် ၂၀၁၆ ခုနှစ်က ဖယ်ရှားပေးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်က ချမှတ်ထားတဲ့ JADE Act ဥပဒေမှာပါဝင်တဲ့ စစ်ခေါင်းဆောင်တွေအပေါ် အမေရိကန်ပြည်ဝင်ခွင့် တားမြစ်ချက်တွေကို ဆက်လက်ထားရှိပြီး အခြေအနေအပေါ်မူတည်ပြီးမှသာ အမေရိကန်ပြည်ဝင်ခွင့်ထုတ်ပေးဖို့ စဉ်းစားတာဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်က ဒီမိုကရေစီရေးကြိုးပမ်းမှုတွေကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကြောင့် ချမှတ်ခဲ့တဲ့ JADE Act ဒဏ်ခတ်မှုဥပဒေအရ ရခိုင်ပြည်နယ်က ကျူးလွန်မှုတွေမှာ ပါတ်သက်နေသူတွေကို တဦးချင်းပစ်မှတ်ထားပြီး စီးပွားရေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဖို့လည်း အမေရိကန်အစိုးရက အခုသုံးသပ်နေတယ်လို့ ကြေညာပါတယ်။
တခါ အမေရိကန်ရဲ့ လူ့အခွင့်အရေးဥပဒေ Leahy Law အရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ဆင်ရေးလုပ်ခဲ့တဲ့ တပ်ဖွဲ့တွေနဲ့ အရာရှိအားလုံးအနေနဲ့ အမေရိကန် ကူညီထောက်ပံ့မှုနဲ့လုပ်နေတဲ့ အစီအစဉ်မှန်သမ ျှကို မရရှိနိုင်တော့ဘူးလို့ အမေရိကန်အစိုးရကပြောပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရစီစဉ်တဲ့ အခမ်းအနားတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေကို ဖိတ်ကြားမှု ရပ်ဆိုင်းထားတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အခုလို အရေးယူမှုသစ်တွေလုပ်လာတဲ့အတွက် လက်ရှိ အမေရိကန်အစိုးရက မြန်မာစစ်တပ်အပေါ် အကန့်အသတ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ယုတ်လျော့သွားလိမ့်မယ်လို့ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲကသုံးသပ်ပါတယ်။
“ကျနော်တို့သိသလောက် ဒီ Hawaii မှာ ရှိတဲ့ Asia Pacific Center of Security Studies (APCSS) မှာဆိုရင် မြန်မာနိုင်ငံက တပ်မတော်သားတွေအပါအဝင် သင်တန်းသားတွေခေါ်ယူပြီးတော့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ဖွင့်လစ်ပြီးတော့ ဆောင်ရွက်ပေးနေတာကို ကျနော်တို့ တွေ့ရတယ်။ ပြီးသွားတဲ့အခါကျတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကလုပ်တဲ့ တချို့သော Events တွေ တပ်မတော်ကို ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်ဖို့အတွက်ကို စတင်ဖိတ်ခေါ်နေတာကို ကျနော်တို့တွေ့ရတယ်၊ နောက်တချက်ကတော့ သိပ်မကြာသေးခင်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သူတို့အနေနဲ့ အင်္ဂလိပ်စာသင်တန်းတွေ ၊ မြန်မာ ကာကွယ်ရေးဝန်ကြီးဌာန ပြုပြင်ပြောင်းလဲရေး အတွက်ကို ကျနော်တို့ အထောက်အကူပြုစေတဲ့ သင်တန်းတွေ ၊ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုဆိုင်ရာအကူအညီပေးတဲ့သင်တန်းတွေကို ဆောင်ရွက်ပေးဖို့အတွက်လည်း စပြီးတော့ ကြိုးစားလာခဲ့တာကိုတွေ့ရတယ်။ နောက်တချက် ကတော့ အဆင့်မြင့်အရာရှိတွေ အပြန်အလှန်ကျနော်တို့ သွားလာပြီးတော့ ဆက်ဆံဖို့အတွက်ကိုလည်း စပြီးတော့ လမ်းဖွင့်နေတာကို တွေ့ရတာပေါ့။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီလိုမျိုးအခြေအနေနဲ့ ပတ်သက်ပြီးတော့ အဲဒါတွေက တော်တော်များများကတော့ ပြန်ပြီး ယုတ်လျော့သွားလိမ့်မယ်လို့ ကျနော်တို့ကတော့ မြင်ပါတယ်ခင်ဗျ။”
ရခိုင်ပြည်နယ်မြောက်ပိုင်း မောတောခရိုင်ထဲမှာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖဲ့ွရဲ့ လုံခြုံရေးကင်းစခန်းတွေအပေါ် August လ ၂၅ ရက်နေ့ တိုက်ခိုက်မှုနောက်ပိုင်း လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် မွတ်ဆလင်သိန်းနဲ့ချီ Bangladesh နိုင်ငံဖက်ကို ထွက်ပြေးခဲ့ကြပါတယ်။ လုံခြုံရေးတပ်ဖဲ့ွဝင်တွေရဲ့ဆိုးဝါးတဲ့ လူ့အခွင့်အရေးကျူးလွန်မှုတွေကြောင့်လို့ဆိုပြီး ထွက်ပြေးခဲ့သူတွေဟာ ကုလသမဂ္ဂစာရင်းအရ ၆ သိန်းကျော်နေပါပြီ။
အဲဒီလို မြန်မာနိုင်ငံထဲကနေ လူတွေ အစုလိုက်အပြုံလိုက်ထွက်ပြေးမှုတွေကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာက စစ်တပ်ကို ဖိအားပေး အရေးယူဆောင်ရွက်လာတာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ ခုလိုအမေရိကန်က စစ်တပ်အပေါ်အရေးယူတဲ့အတွက် ရခိုင်ပြည်နယ်က အခြေအနေ ပြောင်းလဲသွားနိုင်လောက်အောင် ထိရောက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“လောလောဆယ်မှာ အမေရိကန်နဲ့မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးဟာ အခုမှ အစပျိုးတဲ့အချိန်ပဲရှိသေးတာကို ။ တလျောက်လုံး ကောင်းကောင်းမွန်မွန်ဆက်ဆံ နေတာကို မရှိသေးပါဘူး။ အဲဒီတော့ ဖြတ်တောက်လိုက်ရင် အရင်အတိုင်းပြန်ဖြစ်သွားတာ တခုကလွဲလို့ ပိုပြီးတော့ ထူးလာတာရှိမယ်လို့ ကျနော်တို့ကတော့ မထင်ဘူးခင်ဗျ။ သမ္မတဦးသိန်းစိန်လက်ထက်ကလည်း ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးတို့ဘာတို့ကို Black List သွင်းဖူးပါတယ်။ အဲဒါမျိုးအနေအထားပါပဲ၊ အဲဒီတော့ စစ်လက်နက်ပစ္စည်းဝယ်ယူတာတို့ စတဲ့ လက်တွေ့ကျတဲ့ ပြဿနာတွေမှာ မြန်မာ့တပ်မတော်အနေနဲ့ကတော့ စစ်တပ် အနေနဲ့ကတော့ သူဝယ်နေကြနိုင်ငံတွေက ဝယ်နေမှာပဲလေ။ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကတော့ ဝယ်တာမှ မရှိပဲ အဲဒီတော့ ဘာပိုထူးလာမလဲဆိုရင် ဒုံရင်း ဒုံရင်း ပြန်ဖြစ်တယ်လို့ပဲ ပြောလို့ရမှာပါ။”
မြန်မာစစ်တပ်နဲ့ စစ်တပ်အရာရှိတွေအပြင် အစိုးရအဖွဲ့အစည်းတွေက မဟုတ်တဲ့ လုံခြုံရေးကင်း ဆောင်ရွက်သူတွေကိုလည်း သူတို့လုပ်ရပ်အတွက် အရေးယူဖို့ အရေးကြီးတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ အမေရိကန်အစိုးရ အနေနဲ့မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှုနဲ့ ရခိုင်ပြဿနာဖြေရှင်းနိုင်ရေးအတွက် ဆက်လက်အားပေးကူညီသွားမယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေသာမက တခြားလူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတွေ ကြုံတေ့ွခဲ့ရတဲ့ အကြမ်းဖက်မှု။ စိတ်ဒဏ်ရစေတဲ့ ကျူးလွန်မှုတွေအတွက် အမေရိကန်အစိုးရက အလွန်အမင်းစိုးရိမ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်မြောက်ပိုင်းပြဿနာကြောင့် EU ဥရောပသမဂ္ဂကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ်အကြီးတန်း အရာရှိတွေအပေါ် အောက်တိုဘာလ ၁၆ ရက်နေကပဲ ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။ ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ပြန်လည် သုံးသပ်မယ်လို့ ဥရောပ ကောင်စီက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။