ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်လာဖို့နဲ့ ပြန်မလာရင် အိမ်တွေ ယာတွေ သိမ်းဆည်းမယ့်အကြောင့် စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက ခြိမ်းခြောက်တာ ခံနေရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ နေရပ်ကို မဖြစ်မနေ ပြန်လာကြရတဲ့ စစ်ဘေးရှောင်တွေထဲက အရွယ်ရောက်သူတွေကိုလည်း စစ်မှုထမ်းဖို့ ဖိအားပေး စစ်သင်တန်း တက်ခိုင်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး အလိမ္မာက တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့ ဇွန်လကတည်းက ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်လာဖို့နဲ့ ပြန်မလာရင် နေအိမ်၊ လယ်ယာ စတဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းသွားမယ့်အကြောင့် စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တွေက ခြိမ်းခြောက်တာ ခံနေရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
ရွာထဲမှာ တပ်စွဲနေတဲ့ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တွေအတွက်လည်း ထမင်းဟင်းချက်ကျွေးရတဲ့အပြင် လက်နက် ကျည်ဆံဖိုးအတွက်ပါ ဆက်ကြေးကောက်ခံလို့ ပေးဆောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။
“မပြန်ရင် အိမ်သိမ်း ယာသိမ်းမယ် ဖြစ်တာပေါ့လေ။ အိမ်သိမ်း ယာအိမ်မယ်ဆိုတော့ ပြန်ကြတာပေါ့။ ပြန်လာတော့လည်း သူတို့ကို နေ့တိုင်း ထမင်းချက်ကျွေးပေးရတယ်၊ ကင်းစောင့်ပေးရတယ်။ ဟုတ်တယ် PNO အဖွဲ့တွေပဲဗျ ဟုတ်။ သူတို့ ရွာထဲမှာ ရှိတယ်ဆိုရင် သူတို့ကိုလည်း ထမင်းချက်ကျွေးရတယ်။ ရွာသားလည်း သူတို့အတွက် ကင်းပြန်စောင့်ပေးရတယ်။ နောက်ပြီးတော့ ပိုက်ဆံဆိုလည်း ကောက်တာပဲလေ လက်နက်ဖိုး၊ ကျည်းဆံဖိုး၊ ရှေ့တန်းထွက်ဖိုး၊ ကားဖိုး ဆိုပြီးတော့ ကားဝယ်ပေးရသေးတယ်လေ။ တစ်အုပ်စုဆို၊ တရပ်ကွက်ဆို တစ်စီးလောက် ဝယ်ပေးရတယ်ပေါ့။”
တစ်အိမ်ကို အနည်းဆုံး ကျပ်ငွေ သုံးသောင်းကနေ ၃သိန်းအထိ အစားစား သတ်မှတ်ပြီး စစ်အသုံးစရိတ်အတွက် ဆက်ကြေး ကောက်ခံနေတာလို့ ဆိုပါတယ်။ ဆီဆိုင်မြို့နဲ့ အနီးဝန်းကျင်က နောင်ကျောကျေးရွာအုပ်စု၊ ပင်စုံကျေးရွာအုပ်စု ဆိုက်ခေါင်ကျေးရွာအုပ်စု စတဲ့ ပတ်ဝန်းကျင် ကျေးရွာဒေသခံတွေဟာ အတင်းနေရပ်ပြန်လာခိုင်းပြီး စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ရဲ့ ဖိအားပေးမှုတွေ ကြုံနေရတာပါ။
အဲဒီလို အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက်ခံရတာကြောင့် စစ်ဘေးရှောင်အများစုက နေရပ်ပြန်လာကြပါတယ်။ ဒီလို နေရပ်ပြန်လာပြီး အသက် ၁၈ နှစ်ကနေ ၅၀ နှစ်အောက် အရွယ်ရောက်တဲ့ အမျိုးသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေး အတင်း အဓမ္မ စစ်သင်တန်း တက်ခိုင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတဦးကလည်း ဗွီအိုအေကို ပြောပါတယ်။
“အတင်းတက်ခိုင်းတာပေါ့။ လက်ရှိက သူတို့တက်နေပြီး ဒုတိယအသုပ်တောင် ရောက်နေပြီး။ ကျေးရွာမှာပဲ၊ အဲ့မှာပဲ သင်တန်းတက်ပေါ့၊ အဲ့လိုမျိုးတော့ လုပ်လာတာ ရှိနေကြပြီးဟုတ်။ လောလောဆယ်တော့ ကျမတို့ ဒေသမှာ သင်တန်းတက်တဲ့သူပေါ့နော်၊ လောလောဆယ်တော့ တိုက်ပွဲမဝင်ရသေးဘူး။ ကင်းစောင့်တာတွေ တခြားနေရာမှာ သွားပြီး လုံခြုံရေးနေရာယူ အဲ့လိုမျိုးတော့ ဖြစ်တာပေါ့နော်။ သေချာကတော့ ဘယ်သူမှ မတက်ချင်ဘူးပေါ့နော်၊ ဒါပေမယ့်လည်း မလွန်ဆန်နိုင်တဲ့ ပြည်သူ့စစ်ရဲ့ အမိန့်နဲ့ပေါ့နော်။”
ရက်ပိုင်းလောက်သာ သင်တန်းပေးပြီး ရှေ့တန်းတာဝန်ထမ်းဆောင်ခိုင်းမယ်ဆိုရင် သွားသေခိုင်းတာနဲ့ တူတူပဲလို့ ဆိုပါတယ်။
“ပြည်သူ့ကစစ်ခေါ်ပြီးဆိုရင်တော့ စစ်ကောင်စီဘက် ထပ်ခေါ်မယ်ဆိုရင် ခေါ်စရာလူ မရှိနေတော့ဘူးရော၊ အခုက စစ်ကောင်စီပြောသမျှ စစ်ကောင်စီခိုင်းသမျှက ပြည်သူ့စစ်က အကောင်အထည်ဖော်နေတဲ့ သဘောမျိုးတော့ ဖြစ်သွားပြီ။ အကယ်၍ ကိုယ်က သင်တန်းတက်ရပြီးတော့ တိုက်မဝင်ရဘူးဆိုရင် ဒါတစ်ပိုင်ပေါ့နော်။ ကိုယ်ကကွာ… သင်တန်းလည်း အလွန်ဆုံးမှ ၁၅ ရက်ပဲ တက်ရပြီးတော့ ရှေ့တန်းထွက်ရမယ်ဆိုရင်တော့ ဒါ ဘယ်လိုမှ သွားတိုက်ဖို့ ဘယ်လိုမှ လုံလောက်တဲ့ စစ်ပညာမရှိဘူးပေါ့နော်။ အဲ့လိုသာ သွားခိုင်းမယ်ဆိုရင်တော့ တကယ်တိုက်ပွဲဝင်ခိုင်းမယ် ရှေ့တန်းတိုက်ခိုင်းမယ်ဆိုရင်တော့ ကိုယ့်ဟာကိုယ်ပဲ ဘာလဲ သွားသေခိုင်းတာနဲ့ တူတူပဲရော။”
စစ်သင်တန်းပြီးဆုံးလို့ ကိုယ့်ရပ်ရွာမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ရသူတွေ ရှိသလို ရှေ့တန်း ပို့ခံရသူတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။
“တချို့ဆို သင်တန်း ၄၊ ၅ရက်လောက် တက်ခိုင်းပြီးတော့ ရှေ့တန်းပို့တဲ့ဟာတွေပေါ့ အများကြီး၊ သေတာ အများကြီးရှိတယ်လေ၊ အချို့ဆို သေကြတယ်။ သွားရင် သေမယ်ဆိုတာ သိကြတယ်။ သိသိကြောက်ကြောက်နဲ့ မသွားရင် မတတ်နိုင်တဲ့ဟာတော့ သွားရတဲ့ အနေအထားတခု ရှိတယ် အဲ့လိုဖြစ်ကုန်တယ်။”
ပအိုဝ်းပြည်သူ့ PNO အဖွဲ့ရဲ့ ဖိအားကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ ဆင့်ခေါ်နေတာပါ။ ပအိုဝ်းကျေးရွာတွေကို အဓိကထားခေါ်ယူပြီး စစ်သင်တန်းတက်ခိုင်းတာလို့ ဆိုပါတယ်။ တသုပ်ကို လူဦးရေ ၃၀၀ ထက်မနည်း ခေါ်ယူပြီး ကျေးရွာမှာ စစ်သင်တန်းပေးနေတာပါ။ ပထမအပတ်စဉ် သင်တန်းဆင်းပြီး အခု ဒုတိယအပတ်စဉ် ခေါ်ယူ သင်တန်းပေးနေတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။ စစ်မှုထမ်းဖို့ အသက်ပြည့်ပြီး ပြည်ပရောက်နေသူနဲ့ ရပ်ဝေးမှာ အလုပ်လုပ်နေလို့ စစ်မှုမထမ်းဆောင်နိုင်တဲ့သူတွေကတော့ တစ်ဦးကို အနည်းဆုံး ငွေကျပ် ၁၂ သိန်း ပေးဆောင်ရတယ်လို့ ဒေသခံက ပြောပါတယ်။
“ရွာတိုင်းမှာ PNO အမာခံတွေ ရှိတော့ အဲ့ရွာသူကြီးတွေ သူတို့ ဖိအားပေးတယ်။ ရွာသူကြီးကလည်း စစ်မှုထမ်းဖို့ဆိုပြီးတော့ အတင်းခေါ်တာပေါ့လေ။ ဒီဒေသမှာနေရင် ဒီစည်းကမ်းလိုက်နားရမယ်ပေါ့။ မသွားလို့လည်း အရေးယူတဲ့ဟာတွေ ရှိထားတဲ့အခါကျတော့ သွားရတယ်။ အိမ်မှာ မရှိဘူးဆိုရင်တော့ မိဘ အဲ့မှာ ထိုင်းသွားတာတို့ အဲ့လိုမျိုးရင်တော့ တစ်ယောက်ကို ၁၂သိန်းလောက် ပေးရတယ်။ အဲ့ဒါ တစ်နှစ်စာလား ဘယ်လောက်စာလဲ မသိဘူး၊ သင်တန်းမတက်တဲ့အတွက်ကြောင့် ၁၂ သိန်းပေးရတာပေါ့လေ အဲ့ဒါ နိုင်ငံခြားရောက်တဲ့ လူတွေပေါ့နော်။ လူငှါးပြန်တော့လည်း တစ်ယောက်ဆို ငွေသိန်းရာနဲ့ချီ ပေးရတဲ့ဟာကျတော့ မပေးနိုင်ကြတာများတယ်၊ တချို့ပိုက်ဆံရှိတဲ့လူတော့ ငှါးလိုက်တာပေါ့လေ။”
ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဆက်ပိတ်ထားပါတယ်။ ဆီဆိုင်မြို့နယ်မှာ စစ်ထမ်းမှုခေါ်ယူ စစ်သင်တန်း ပေးနေတာရှိတယ်လို့ PNO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်သန်းကြွယ်ကတော့ ဝန်ခံပြောဆိုပါတယ်။ ဒါပေမယ့် ဒေသခံတွေပြောဆိုသလို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာမရှိသလို စစ်မှုမထမ်းဆောင်နိုင်လို့ ငွေကြေးကောက်ခံတာမျိုးလည်း မရှိဘူးလို့ ဗွီအိုအေကို ခုလို ပြောပါတယ်
“ပြည်ပရောက်တဲ့ဟာတွေနဲ့ တချို့ဟာတွေတော့ လူမလုပ်နိုင်ရင်တောင်မှ ငွေရေးကြေးရေးတောင်းတာပေါ့ဗျာ…အဲ့လိုလည်း မရှိပါဘူး။ ကျနော်ကြားသိသလောက်ပေါ့။ အဓိကတော့ ဒီ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ဝန်းကျင်ကတော့ ကျနော်တို့ကတော့ စစ်မှုမထမ်းမနေရ မဟုတ်ဘူး၊ စစ်ပညာကို အခု အခြေခံပညာနဲ့ သင်ကြားပေးတာပေါ့ဗျာ။ တကယ်လို့ တစုံတခု ကိုယ့်ရပ်ကိုယ်ရွာ ကိုယ့်ဒေသ ပြန်ကာကွယ်လို့ရအောင်၊ ဒါပါပဲ။ ကျန်တဲ့ဟာတော့ ထူးထူးထွေထွေတော့ မရှိပါဘူး။ အခု သွားလိုက်တယ်၊ တိုက်ပွဲဝင်တယ် ဘာညာတော့မရှိပါဘူး။”
စစ်ဘေးရှောင်ဒေသခံတွေ နေရပ်ပြန်လာကြပေမယ့် ခုချိန်ထိ ဆီဆိုင်မြို့ ပတ်ဝန်းကျင်တွေမှာ ပစ်ခတ်သံတွေ ရပ်မသွားသွားပါဘူး။ ဘယ်အချိန်ပြန်ပြေးရမလဲ မသိသေးလို့ စိုးရိမ်နေရသလို စားဝတ်နေရေး ဖူလုံဖို့ ရုန်ကန်နေရတဲ့အပြင် စစ်ကောင်စီတပ်နဲ့ PNO အဖွဲ့တွေရဲ့ ဖိအားပေးမှုတွေကြား နေ့စဉ် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောဆိုပါတယ်။
Your browser doesn’t support HTML5