မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ရဲ့အိမ်ကို ဒီကနေ့ မနက်အစောပိုင်းမှာ ရဲကားအတော်များများ ရောက်လာတဲ့အတွက် သူ့ကိုဖမ်းတော့မယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ တိုးလာနေပါတယ်။
ငွေစက္ကူတွေ၊ လက် ဝတ်ရတနာတွေနဲ့ အခြား အဖိုးတန်ပစ္စည်းတွေပါတဲ့ တန်ဖိုးကြီး လက်ကိုင်အိတ် ၂၈၄ လုံးနဲ့ ခရီးဆောင် လက်ဆွဲ သေတ္တာ ၇၂ လုံးကို ရဲက ဒီကနေ့ သိမ်းဆည်းလိုက်ပါတယ်။ အကျင့်ပျက်ခြစားမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ စွပ်စွဲချက်တွေနဲ့ မစ္စတာ Najib ကို စုံစမ်းစစ်ဆေးနေတာရဲ့ တစိတ်တပိုင်းအဖြစ် ခုလို ဆောင်ရွက်တာ ဖြစ်ပါတယ်။
Kulla Lumpur မြို့က အဆင့်မြင့် ကွန်ဒိုအဆောက်အဦးတခုမှာ မစ္စတာ Najib နဲ့ ပတ်သက်နေတဲ့ တိုက်ခန်းတွေကိုလည်း ကြာသပတေးနေ့ နှောင်းပိုင်းက စပြီး ဝင်ရောက် ရှာဖွေရာမှာ အဖိုးတန်ပစ္စည်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါ တယ်။ 1MDB ကုမ္ပဏီရဲ့ ရန်ပုံငွေတွေကို ဝန်ကြီးချုပ်ဟောင်း Najib အလွဲသုံးစားလုပ်ခဲ့တဲ့ အရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးနေတာရဲ့ တစိတ်တပိုင်းအဖြစ် ခုလို ရှာဖွေ သိမ်းဆည်း မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီငွေကြေးအရှုပ်တော်ပုံနဲ့ ပတ်သက်လို့ အမေရိကန် အပါအဝင် အခြားနိုင်ငံတွေမှာလည်း စုံစမ်းစစ်ဆေးနေတာပါ။ အခု ရှာဖွေမှုတွေကို တော့ ဝန်ကြီးချုပ်ဟောင်း Najib ရဲ့ မိသားစုနေအိမ်၊ သူ ဝန်ကြီးချုပ်တာဝန်ယူခဲ့ချိန်က တရားဝင်နေထိုင်ခဲ့တဲ့ ရုံးခန်းအပါအဝင် နေရာအတော်များများကို ရဲတပ်ဖွဲ့က တကြိမ်တည်း တပြိုင်တည်းမှာ ဝင်ရောက် ရှာဖွေ စီးနင်းတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5