ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းအနီး အနိမ့်ပိုင်းရပ်ကွက်တွေထဲ ဒီကနေ့ ရေတက်နေပါတယ်။ မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေပြီး၊ ရေဘေးသင့်သူတွေကို စားသောက်ရေးနဲ့ ကယ်ဆယ်ရေးအတွက် ပရဟိတအဖွဲ့တွေက ဆောင်ရွက်ပေးနေပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ပြောပြမှာပါ။
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ ဩဂုတ်လ ၂၇ ရက်၊ မနက်အစောပိုင်းကတည်းက ရေပြန်တက်လာတာလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
မယ်ဆိုင်ချောင်းရေဟာ ဒီကနေ့ နေ့လည် ၃နာရီခွဲမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး၊ ၄၅၀ စင်တီမီတာအထိ ရောက်ရှိလာတယ်လို့ ဦးလှမိုး တာချီလိတ်လူမှုကူညီရေး အသင်းတာဝန်ခံတဦးက ပြောပါတယ်။
"ညပိုင်းတော့ မိုးရွာတယ်ဗျ။ တာချီလိတ်က ချောင်းတွေဆုံတဲ့နေရာ အနိမ့်ပိုင်းကျတာပေါ့နော်။ မနေ့ညပိုင်းက တက်တာကြတော့ တာချီလိတ်မြို့ ကျိုက်ထီးရိုးဘက်ပေါ့။ ကျနော်တို့ဘက်ကအခေါ် တာချီလိတ်မှာ ကျိုက်ထီးရိုးချောင်းရှိတယ်။ အဲဒီချောင်းကနေ စီးလာတဲ့ရေကတော့ မြို့အလယ်ခေါင်ကိုဝင်တယ်။ ပြီးတော့ ဒီနေ့နေ့လည်ပိုင်း ဆက်တိုက်ရွာတာကြတော့ ၃နာရီခွဲလောက်မှာ မယ်ဆိုင်ချောင်းပေါ့နော်၊ အဲဒီကနေ ရေတက်လာတာပေါ့။ အခုအနေအထားထိ ရောက်နေတာပေါ့။ ၃နာရီခွဲဆိုရင် ၄၅၀ စင်တီမီတာထိ တက်နေတာပေါ့။ ရေကတော့ ဆက်မတက်သေးဘူး။ လက်ရှိအနေအထားအတိုင်းပဲ ရှိနေတာပေါ့။"
ရေဘေးသင့်သူတွေကို ကယ်ထုတ်ပေးနေသလို၊ စားသောက်ရေးအတွက် ဝေငှတာတွေလည်း လုပ်ပေးနေတယ်လို့ ဆက်ပြောပါတယ်။
"အစားအသောက်တွေ ဝေရတာရှိတယ်ဗျ။ ရေကတက်လာတဲ့ အချိန်ဆိုတော့ အိမ်တွေထဲထိ ဝင်တဲ့သူတွေကိုတော့ လှေတွေနဲ့ ကယ်ထုတ်ရတာတော့ ရှိပါတယ်ဗျ။ ဒီနေ့ဆိုရင် ရပ်ကွက် ၇ ခုလောက်တော့ ရေဝင်တယ်ဗျ။ ရပ်ကွက်တခုလုံး အကုန်လုံးတော့မဟုတ်ဘူး၊ တစိတ်တပိုင်းပေါ့။ ချောင်းဘေးမှာရှိတဲ့ အနိမ့်ပိုင်းတွေဝင်တယ်။ လမ်းပေါ်ဆိုရင်တော့ မိန်းလမ်းဆိုရင် ၂နေရာလောက်ပေါ့၊ ကားတွေဘာတွေ ဖြတ်လို့မရဘူး။"
ဩဂုတ်လထဲမှာ ရေကြီးတာ အခုတခါနဲ့ဆို ၆ကြိမ်ရှိလာပြီး၊ တာချီလိတ်မြို့ဟာ မိုးရွာတာနဲ့ တောင်ကျရေနဲ့ ချောင်းရေကြောင့် ရေကြီးတဲ့ဒဏ်ကို ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်တွေထဲအထိ ရေဝင်နေလို့ ချက်ပြုတ်စားသောက်ဖို့နဲ့ အစားအသောက်ဝယ်ယူဖို့ အခက်တွေ့နေပြီး၊ ပရဟိတအဖွဲ့တွေက ထမင်းဗူးပေးဝေတာတွေ ရှိတယ်လို့ ရေဘေးသင့်နေသူ တဦးက ပြောပါတယ်။
"အရင်ရေတက်တဲ့ ရပ်ကွက်တွေအကုန်လုံး ရေတက်တာပေါ့။ သူတို့လာဝေတဲ့ ထမင်းထုပ်ပဲ စားရတာ။ အိမ်အောက်ထပ်တွေတော့ ရေဝင်ကုန်ပြီ။"
တာချီလိတ်မှာ မိုးရွာတာနဲ့ ရေကြီးရေလျှံတဲ့ဒဏ်ကို အခုလထဲမှာ ခပ်စိပ်စိပ်ကြုံတွေ့နေရတယ်လို့ နေထိုင်သူတွေက ပြောပါတယ်။
မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်းမှာ ပေဝက်ထပ်ပြီး မြင့်တက်လာနိုင်လို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ သတိပြုကြဖို့ကို မိုးဇလက ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5