မိုးကြီးပြီး ရေလွှမ်းမိုးမှုဒဏ်ခံလိုက်ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော် မှာ ဒီနေ့ မနက်အစောပိုင်းကတည်းက ရေအနည်းငယ် ပြန်ကျလာပေမယ့် ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လိုအပ်နေဆဲဖြစ်ကြောင်း ပရဟိတ အဖွဲ့တွေက ဗွီအိုအေကိုပြောပါတယ်။ ကချင်ပြည်နယ်မှာ စစ်ကောင်စီလက်ထက် အထိန်းအကွပ်မဲ့လာတဲ့ ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှုနဲ့အတူ သဘာဝဘေးဒဏ် ပိုမိုကြုံလာရတယ်လို့ ဒေသခံနဲ့ သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူက ထောက်ပြနေပါတယ်။ ရေဘေးသင့် ကချင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကသတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် စတဲ့ အနိမ့်နေရာတွေမှာ ရေကြီးရေလျှံမှုနဲ့အတူ သောင်းနဲ့ချီတဲ့ ဒေသခံတွေ ရေဘေးကျရောက်ခဲ့ပြီး ကယ်ဆယ်ရေးအင်အား လုံလောက်မှုမရှိဘူးလို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ပရဟိတအသင်းတွေက ပြောပါတယ်။
မြစ်ကြီးနား၊ ဝိုင်းမော်က ရေကြီးခဲ့တဲ့နေရာတွေမှာ ဒီကနေ့ မနက်အစောပိုင်းကတည်းက ရေပြန်ကျလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေပြီး နောက်ထပ် ၂ရက်အထိ မိုးဆက်များနိုင်တာကြောင့် ကချင်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း အနိမ့်ပိုင်းရပ်ကွက်နေထိုင်တဲ့သူတွေ ဘေးကင်းတဲ့နေရာမှာ တိမ်းရှောင်နေသင့်တဲ့အကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးထားပါတယ်။
“လက်ရှိတော့ မုတ်သုံလေကတော့ ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းနေတယ်ပေါ့နော်။ အားကောင်းနေတဲ့အတွက်ကြောင့်မို့လို့ ဒီမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေ ကချင်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းက နောက် ၂ရက် ၃ရက်လောက်တော့ မိုးနည်းနည်းလေး ရနေဦးမယ့် အနေအထားမျိုးတော့ ရှိတယ်။ ခုထိ မြစ်ကြီးနားမှာတော့ ရေဆက်ပြီးမှ ကျသွားတဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ ဧရာဝတီမြစ်တလျှောက်နဲ့ ချင်းတွင်းမြစ်တလျှောက်မှာတော့ အသင့်အတင့်နဲ့ မိုးရွာနေမှာပေါ့နော်၊ စိုးရိမ်ရေမှတ် ရောက်သွားနိုင်တဲ့ အနေအထားမျိုး အဲ့လိုစိုးရိမ်ရေမှတ်တက်သွားနိုင်တဲ့ အနေအထားမျိုးရှိတယ်ပေါ့နော်။ အဲ့အတွက်ကြောင့် အဓိကတော့ မြစ်ကမ်းနံဘေးမှာ ရှိနေတဲ့ ပြည်သူတွေနဲ့ ရေတက်နိုင်တာနဲ့ ဘေးကင်းတဲ့နေရာတွေမှာ ခဏသွားရှောင်ဖို့တော့ လိုပါတယ်။ လောလောဆယ်တော့ ဘေးကင်းတဲ့နေရာတွေမှာ ခေတ္တနေထိုင်တာမျိုးပေါ့နော်။ သူကစိုးရိမ်ရေမှတ်အထက်မှာ ကျန်နေတာ၊ ရေကျပေမယ့်လို့ အားလုံးကျသွားတာမဟုတ်ဘူး၊ သူက စိုးရေမှတ်ထက်နေနေတယ် တချို့ရပ်ကွက်တွေမှာ ရေကျန်နေတဲ့ အနေအထားမျိုးရှိတယ်။”
ရေကြီးရေလျှံမှုကြောင့် ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ် အနီးတဝိုက်မှာရှိတဲ့ စစ်ရှောင်စခန်းတွေ ရေနစ်မြုပ်ခဲ့ပြီး ရေပြန်ကျတဲ့အချိန် ယာယီတဲအိမ်နဲ့ အိမ်သာတွေ ရေထဲမျှောပါသွားတာကြောင့် အသစ်ပြန်တည်ဆောက်ဖို့ ငွေကြေးအခက်အခဲဖြစ်နေပြီး အကူအညီလိုအပ်နေတယ်လို့ နောင်ချိန်းစစ်ရှောင်စခန်းတာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ စစ်ရှောင်စခန်း ၂ခု ရေမြုပ်တာပေါ့။ နောင်ချိန်းက စစ်ရှောင်စခန်း မြစ်ဘေးနားမှာ ရေမြုပ်တာ။ ညက ၁၀ နာရီက ရေတော့ကျသွားပြီး။ ဒါပေမယ့် အိမ်သာတွေက အကုန်လုံးမျောပါသွားတယ်။ အဆောင်တွေတော့ ၁၀ ခုလောက် မျောပါသွားတယ်။ စစ်ရှောင်တွေကိုကျတော့ ဘုရားကျောင်းမှာထားတာ အဲ့ဘုရားကျောင်းမှာရော ရေကြီးလာတော့ တခါလည်း အ.ထ.က ကျောင်းကို ပြန်ရွှေ့လိုက်ရတာပေါ့။ လူ ၈၅၀ လောက်ရှိတယ်၊ ကလေးတွေ ပါတယ်၊ မသန်စွမ်းတွေ ပါတယ်၊ အသက်ကြီးတဲ့လူတွေ ပါတယ်။ လေဖြတ်နေတဲ့ လူတွေ ပါတယ်၊ အမျိုးမျိုးပေါ့။”
နောင်ချိန်းနဲ့ လဘန်စစ်ရှောင်စခန်းမှာ လူဦးရေ ၈၅၀ ရှိနေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက နီးစပ်ရာ စာသင်ကျောင်းတွေမှာ ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။ အဲဒီ့အထဲမှာ ကလေးသူငယ်၊ အသက်အရွယ်ကြီးရင့်သူနဲ့ နာမကျန်သူတွေ အများအပြားရှိနေပြီး ဆေးဝါးနဲ့ စားရေးသောက်ရေး အကူအညီလည်း လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။
၂၀၀၄ ခုနှစ်တုန်းက မြစ်ကြီးနား၊ ဝိုင်းမော်ဘက်မှာ ရေကြီးရေလျှံမှုတွေ ကြုံတွေ့ခဲ့ဖူးပေမယ့် အခုလို ဆိုးဆိုးရွားရွာမမခံစားရဘူးလို့ ပြောပါတယ်။ ကချင်ပြည်နယ်မှာ သယံဇာတ ထုတ်လုပ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာလို့ ဒေသခံဖြစ်တဲ့ စစ်ရှောင်စခန်းတာဝန်ခံက ခုလို ပြောပါတယ်။
“တော်တော်လေးတော့ ဒီတခါတော့ ရေတော့ ကြီးတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာပေါ့ဗျာ။ တကယ်တော့ အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးလာတာပေါ့။ ဒီမိုကရေစီခေတ်မှာကျတော့ ကျနော်တို့ ရွှေတူးတာတွေ သစ်ခုတ်တာတွေကျတော့ နည်းနည်းပြောရင် နည်းနည်းငြိမ်တယ်ပေါ့။ အခုဒီနောက်ပိုင်း အာဏာသိမ်းပြီးတဲ့နောက်ကတော့ ဘယ်သူမှပြောလို့ မရတော့ဘူး။ ကျနော်တို့မှာ တရုတ်တွေ သစ်ခုတ်တာတစ်ပိုင်း၊ တစ်ရှူးငှက်ပျောစိုက်တာက တစ်ပိုင်း ပြီးမှ ကျနော်တို့ ရွှေတူးတာ ဒီအာဏာသိမ်းပြီးနောက်မှာ အောက်ပိုင်းက အများကြီးတောတောင်တွေမှာ ရွှေတူးပြီးမှ သဘာဝပတ်ဝန်းကျင်က ပိုပျက်စီးသွားပြီးမှ အဲ့ဒါကြောင့်လည်း ပိုဖြစ်နိုင်ပါတယ်။”
သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတဦးကတော့ စစ်ကောင်စီလက်ထက် အထိန်းအကွပ်မဲ့လာတဲ့ ရွှေတူးဖော်မှုနဲ့ မြေဆီလွှာပျက်စီးမှု သစ်တော်ပြုန်းတီးမှုကြောင့် သဘာဝဘေးဒဏ်ကြုံတွေ့နေရတာလို့ ပြောပါတယ်။
“မြစ်ဆုံရေကာတာ ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ဖို့ သစ်တောတွေ အများကြီး ခုတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒါတချက်ပါတယ်၊ နောက် အာဏာသိမ်းတဲ့နောက်ပိုင်းမှာ စက်ယန္တရားကြီးနဲ့ ရွှေတူးတဲ့အတွက်ကြောင့်မို့လေ အဲ့ဒီ၂ချက်ကြောင့် ရေဖိအားက အကာမရှိတော့ဘူး၊ တခါတည်း မြစ်ကြီးနားမိုးကို ဝုန်းဒိုင်းကျဲသွားတာ အဲ့ဒါကြောင့်ဖြစ်တာ၊ ကမ္ဘာမြေအကာမရှိတော့ဘူး မြေပွပဲရှိတဲ့အခါကျတော့ တခါတည်း ရေက ဗြုန်း…ဆိုတာနဲ့ မြစ်ကြီးနားတန်းရောက်တယ်။ ခါတိုင်းဆိုတော့ မြစ်ကြီးနား အဲ့လိုတန်းမရောက်ဘူး။”
ဇွန်လအတွင်းမှာ ပန်ဝါမြို့နယ်က မြေရှားသတ္တုလုပ်ကွက် မြေပြိုကျမှုဟာ ၂ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူဆယ်ဂဏန်းလောက် သေကြေပျောက်ဆုံးခဲ့ရပြီး ခုချိန်ထိ အလောင်းတွေ အားလုံးရှာမတွေ့သေးဘူးလို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ အလုပ်သမားတဦးက ဗွီအိုအေကို ပြောထားပါတယ်။ အခုလို ရွှေနဲ့ ဓာတ်သတ္တုတူးဖော်မှု၊ သစ်တော်ထုတ်လုပ်မှုတွေကြောင့် ကချင်ပြည်နယ် နေရာအနှံ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ထောက်ပြနေပါတယ်။
Your browser doesn’t support HTML5