ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မိုးရွာသွန်းတဲ့ အရှိန်ကြောင့် ရေကြီး၊ မြေပြိုတာတွေ ရှိနေပြီး နောက်ဆက်တွဲ မြေထပ်ပြိုနိုင်တဲ့ အန္တရာယ်ကြောင့် မတူပီ-ဟားခါး ကားလမ်းမ အသွားအလာတွေ မလုပ်ကြဖို့ကို ဒေသခံကာကွယ်ရေး အဖွဲ့က သတိပေးထားပါတယ်။ မြေပြိုတဲ့ လမ်းပိုင်းက မတူပီမြို့အတွက် ကုန်စည်စီးဆင်းတဲ့ အဓိက လမ်းကြောင်းတွေဖြစ်လို့ မြို့တွင်း ကုန်စည်ပြတ်လပ်မှာကိုလည်း စိုးရိမ်နေကြတဲ့ အကြောင်း သတင်းပေးပို့ချက်ကို မအေးသန္တာကျော် တင်ပြပေးပါမယ်။
ချင်းပြည်နယ်မှာ အခုလပိုင်းထဲ မိုးရွာသွန်းတဲ့ အရှိန်ကြောင့် မတူပီ-ဟားခါး ကားလမ်းမ တချို့နေရာတွေမှာ မြေပြိုပြီး ပျက်စီးတာတွေ ဖြစ်နေလို့ ခရီးသွားလာတာမျိုး မလုပ်ဖို့ကို မတူပီမြို့နယ် ကာကွယ်ရေးအဖွဲ့ (CDF) က ထုတ်ပြန်ထားပါတယ်။ သွားလာလို့ မရလောက်အောင် လမ်းပိုင်းအခြေအနေ ဆိုးရွားနေတယ်လို့ မတူပီ CDF တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။
"ပြိုပျက်နေတဲ့ နေရာကတော့ မတူပီနဲ့ ဟားခါးလမ်း အကြားပေါ့။ ဇကမ်းရွာနဲ့ လုံလှော်ရွာ အကြားပေါ့။ ပေ ၄၀ လောက်ရှိတဲ့လမ်းကို တောင်ကျရေကြောင့် အကုန်လုံး ပျက်စီးသွားတာရှိတယ်။ လုံးဝ ပြုပြင်လို့မရတဲ့ နေရာ တနေရာပေါ့။ ဒီပြင် ကျန်တဲ့နေရာတွေကတော့ ရှိသေးတယ်။ မိုးသာ တပတ်၊ နှစ်ပတ်လောက် ဆက်ရွာရင်တော့ ပြိုမယ့်ဟာတွေ တော်တော်လေးများတယ်။ ဆိုတော့ တောင်ကျရေတွေက မြောင်းမှာ မစီးဆင်းတော့ဘဲနဲ့ မြောင်းတွေ အကုန်လုံးပိတ်တော့ ကားလမ်းအတိုင်းပဲ ရေတွေက စီးဆင်းနေတော့ လမ်းက ပျက်တဲ့နေရာတွေ တော်တော်လေးများတယ်။"
အခုပျက်စီးနေတဲ့ လမ်းတွေကို ရှောင်ကွင်းပြီး သွားလာဖို့ကလည်း လောလောဆယ် အဆင်မပြေတဲ့အကြောင်း ပြောပါတယ်။ မတူပီမြို့တွင်းထဲ ကုန်စည်စီးဆင်းနိုင်ဖို့က မင်းတပ်လမ်းနဲ့ ဟားခါးလမ်းကို အဓိကထား အသုံးပြုနေရတာပါ။ တိုက်ပွဲ အခြေအနေတွေကြောင့် မင်းတပ်လမ်းမှာ ခရီးသည်ကားတွေပဲ အသွားအလာများပြီး၊ ကုန်စည်အတွက်က ဟားခါးလမ်းကို အဓိက အသုံးပြုနေရတာလို့ ပြောပါတယ်။ အခုလို မြေပြိုပြီး၊ လမ်းပျက်တာတွေ ရှိနေလို့ ဒေသတွင်း ကုန်စည်ပြတ်လပ်မှာကို စိုးရိမ်ရတယ်လို့ မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။
"မိုးတွင်းဆိုရင် အရင်က မင်းတပ်လမ်းနဲ့ ၁ ရက် ၂ရက် ခရီးကို အခု ဟားခါးလမ်းကနေ ၃-၄ ရက်လောက် ကြာတယ်။ အခု လမ်းပျက်တော့ ရှေ့တိုးမရ၊ နောက်ဆုတ်မရ အခြေအနေတွေ ဖြစ်လာတော့ မြို့ပေါ်နေ ပြည်သူတွေအတွက်က တော်တော်လေး အခက်တွေ့မှာ။ ကုန်စျေးနှုန်းက တက်တာကတော့ ထားလိုက်ပါဦး။ အခုက ကုန်ပစ္စည်းက လုံးဝကို ရောက်နိုင်တော့မှာ မဟုတ်ဘူးဆိုတော့ မင်းတပ်လမ်းကိုပဲ ကျနော်တို့ ဘယ်လိုနည်းနဲ့ ပြန်အသုံးပြုမလဲ ဆိုတာတော့ ရှိလိမ့်မှာပေါ့။ မင်းတပ်လမ်းဘက်ကလည်း အခုပျက်တာတွေ တော်တော်လေးများတော့ ပြည်သူတွေအတွက်က တော်တော်လေး ဒုက္ခရောက်မှာ။"
ပျက်စီးသွားတဲ့ လမ်းတွေကို ပြုပြင်ဖို့က ကုန်ကျစရိတ် အတော်လေးများလို့ လတ်တလောမှာ ပြင်ဆင်ဖို့ မတတ်နိုင်ပေမဲ့ ကုန်စည် ပြန်ဝင်နိုင်အောင် နည်းလမ်းရှာ စီစဉ်ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဒီကနေ့ မတူပီလမ်းမှာ သွားလာခဲ့သူ တဦးကတော့ ခက်ခက်ခဲခဲ သွားလာခဲ့ရတယ်လို့ ပြောပါတယ်။
"လမ်းကတော့ တော်တော်ကို ဆိုးတယ်ဗျာ၊ ဒီလမ်းပိုင်းကလေ။ ဘာကြောင့်လဲဆိုတော့ လမ်းတွေက တအားပြိုတယ်။ ကျနော်တို့ဆို မဖြစ်မနေသွားရတော့ ဒီနေ့မနက်မှ ပြန်လာတာ။ မြေပြိုတာကတော့ အနည်းနဲ့အများ တောက်လျှောက်ပြိုတာ။ ကားသမားတွေကလည်း သွားလာရင်းနဲ့ ရွာကလူတွေ အကူအညီခေါ်ပြီး သွားလို့ရအောင် ဖြေရှင်းကြရတဲ့ ပြဿနာတွေ ရှိတယ်ပေါ့ဗျာ။ တခြားလမ်းကြောင်းကို ရွေးလို့မရဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ဒီတလမ်းပဲရှိတာ ဆိုတော့လေ။ ဒီလမ်းကြောင်းပေါ် မသွားရင် ဘယ်လိုမှ သွားစရာလမ်း မရှိဘူး။ ကျနော်တို့ သွားတုန်းက မလွတ်တဲ့နေရာတွေ ကျောက်ခဲတွေဆင်းဖယ်၊ တချို့ဆို ကျောက်ခဲအလုံးကြီးကြီး ပြိုကျတာတွေကို လူတွေနဲ့ ဝိုင်းဖယ်ပြီးခါမှ မောင်းရတာပေါ့။"
ချင်းပြည်နယ်မှာ မိုးကြီးပြီး တောင်ကျရေကြောင့် ကားလမ်းမြေပြိုတာနဲ့ လမ်းပိုင်းပျက်စီးတာတွေ ရှိနေလို့ ဟားခါး-မတူပီလမ်း အသွားအလာတွေ မလုပ်ဖို့ကို သတိပေးထားတာပါ။ အခု ဩဂုတ်လထဲ မိုးများတဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံတဲ့ဒဏ် ကြုံတွေ့နေရသလို၊ အထက်ပိုင်းဒေသ တချို့မှာလည်း တောင်ကျရေကြောင့် လမ်းပိုင်းပျက်စီးတာတွေ ရှိနေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5