ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသတွင်း အခြေစိုက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေနဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာသေးခင်က တိုက်ခိုက်ထိန်းချုပ်ခဲ့တဲ့ ကုန်သွယ်ရေးအချက်အချာ မြဝတီမြို့ကို အင်အားဖြည့်ဖို့လာတဲ့ တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ကရင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၆)ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေတိုက်ပွဲတွေ နေ့စဉ်ဆက်တိုက်ဖြစ်နေပြီး မြ၀တီမြို့ဘက်ကိုတက်လာတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း (အောင်ဇေယျစစ်ဆင်ရေး) ကလည်း ရှေ့မတိုးနိုင်ဘဲ အထိအခိုက်အကျအဆုံးတွေ များနေတယ်လို့ပူးပေါင်းတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးကပြောပါတယ်။
"လက်ရှိအောင်ဇေယျစစ်ကြောင်းကတော့ မြ၀တီကို တက်လာတဲ့အခြေအနေမှာ အခုချိန်ထိတော့ ဒေါနတောင်တန်း မကျော်နိုင်သေးပါဘူး၊ နေ့တိုင်းကို တိုက်ပွဲတွေဆက်ဖြစ်နေတယ် သူတို့ဘက်က လက်နက်ချတာ အလင်းဝင်တာတွေထွက်ပြေးနေတာတွေလည်း ရှိနေတယ်။ ဒီရက်ပိုင်းမှာ တောနော်ရေတံခွန်နဲ့ လမ်းဟောင်းတွေဘက်ကို စစ်ကြောင်း ၃ကြောင်းခွဲပြီးတက်တယ်။ ဒေါနတောင်ခြေအနောက်ဘက်ခြမ်းမှာပဲ ဒေါနအရှေ့ခြမ်းဘက်ကိုလည်းမတက်နိုင်သေးဘူး၊ အကျအဆုံးလည်းများတယ်၊ သူတို့က တပ်မဟာ ၅၅ ကို ရခိုင်ဘက်ကို ပြန်ဆွဲထုတ်သွားတယ်လို့ကြားတယ်၊ သူတို့က(စကစ)က စစ်ဆင်ရေးက ထင်သလောက်မပေါက်တော့ လက်လျှော့တဲ့အနေအထားတွေတော့တွေ့လာရတယ်"
ပူးပေါင်းတပ်တွေဘက်က အခုလို ပြောဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ နှစ်ဖက်တိုက်ပွဲအတွင်း အကျအဆုံးအခြေအနေနဲ့ပတ်သက်လို့ ဒီရက်အတွင်းမှာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကော့ကရိတ်ဒေသခံတွေအပြောအရေ ဒဏ်ရာရတဲ့စစ်ကောင်စီတပ်မှူးတချို့ကိုတော့ ရန်ကုန်ဘက်ကို ပြန်သယ်ဆောင်တာတွေ ရှိပြီး တပ်သားတွေကိုတော့ နယ်မြေခံ ဆေးရုံတွေမှာ ကုသနေတယ်လို့ဆိုပါတယ် ။ တပ်သားတွေ သေဆုံးတာတွေကိုတော့အလောင်းတွေသယ်ယူတာတွေ မလုပ်တာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။
ဧပြီလ ၁၀ ရက်ကျော်ကစပြီး နိုင်ငံတော်အဆင့်အထူးစစ်ဆင်ရေးအဖြစ် အောင်ဇေယျစစ်ကြောင်းဟာ လက်နက်လူအင်အားအလုံးအရင်းနဲ့ကော့ကရိတ်ကနေ စစ်ကြောင်းထိုးလာပေမယ့် တလကျော်ကြာတဲ့အထိ မြ၀တီမြို့ကိုမရောက်လာနိုင်သေးပါဘူး ။ လတ်တလောမှာတော့ မြ၀တီမြို့ကို နယ်ခြားစောင့်တပ်တွေက ထိန်းထားပြီးအုပ်ချုပ်ရေးယန္တယားတချို့လည်ပတ်နေပေမဲ့ အပြည့်အ၀ လည်ပတ်နိင်တာတွေလည်းမရှိသေးပါဘူး။ ကေအန်ယူတပ်မဟာ၆ ထိန်းချုပ်နယ်မြေထဲမှာပဲ မေလ ၁၁ ရက်နေ့ကတော့ တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့ ညှိနှိုင်းဖို့အတွက် နယ်မြေခံ KNU နဲ့ DKBA အဖွဲ့ဝင်အချို့ဟာ ဘုရားသုံးဆူမြို့မှာရှိတဲ့ BGF တပ်ဖွဲ့ဝင်များ စခန်းချတဲ့နေအိမ်ဝန်းကိုသွားရောက်ခဲ့ရာမှာ BGF ထောင်ထားတဲ့ဆွဲမိုင်းကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ ဒီအတွက် ကရင်တပ်ဖွဲ့တွေ အချင်းချင်းအကြား တင်းမာနေတဲ့အခြေအနေတွေလည်းပေါ်ပေါက်ခဲ့ရတယ်လို့လည်းပြောပါတယ်။
"ဗိုလ်ချစ်သူ BGF တို့နဲ့ကလည်း ကျနော်တို့ ထိတွေ့တိုက်ပွဲတွေ ဘုရားသုံးဆူဘက်မှာလည်းတိုက်ပွဲတွေဖြစ်တယ်၊ အရင်ကလို ရှေ့ဆက်ပြီးသဘောတူညီမှုတွေဆက်ရမယ်လို့တော့မထင်တော့ဘူး ဘုရားသုံးဆူဘက်မှာက ဆွေးနွေးမယ်လုပ်ပြီး တိုက်ပွဲတွေဖြစ်ပြီး သူတို့လည်းအကျဆုံးတွေများတယ်၊ စစ်ရေးအရ တင်းမာမူတွေဖြစ်လာတယ်။"
ကရင်ပြည်နယ်အတွင်းက ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ တပ်မဟာ ၇ခုအနက် ၆ခုမှာတိုက်ပွဲတွေ ပြင်းထန်နေပါတယ်ရှင်။
Your browser doesn’t support HTML5