မူဆယ်မှာ စစ်ကောင်စီနဲ့ တအန်း(ပလောင်) အဖွဲ့ တိုက်ပွဲဖြစ်

ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ်မြောက်ပိုင်းက တောတွင်း အခြေစိုက်စခန်းတခုအနီးမှာ လေ့ကျင့်ရေးဆင်းနေတဲ့ TNLA တအန်း(ပလောင်) လွတ်မြောက်ရေးတပ်ဖွဲ့များ (မတ် ၈၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA ခေါ် တအန်း(ပလောင်) အဖွဲ့အကြား နှစ်ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေပါတယ်။ စစ်ကောင်စီက စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲ ဖြစ်ပွားရတဲ့အကြောင်းနဲ့ မူဆယ်၊ ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်တွေမှာလည်း ဒီရက်ပိုင်း တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပွားနေကြောင်း TNLA အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေကို ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

မူဆယ်မြို့နယ် စယ်လန့်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA ခေါ် တအန်း(ပလောင်) အဖွဲ့အကြား ဒီလ ၂၈ ရက်နေ့ မနက်ပိုင်းက စပြီး ဒီကနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကိုတော့ စယ်လန့် ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းထု ထုနေတာ။ တချိန်လုံးကြားနေတာ။ ပစ်တာတော့ မနေ့ကနေ စပစ်တယ်။ ဒီနေ့ထိပဲ။ မနေ့ကဆို မနက် ၁၀ နာရီကျော်လောက် ၊ ၁၀ နာရီခွဲလောက်ပေါ့။ ကြာကြာမှ တလုံးပစ်။ အဲ့လိုမျိုး ထုနေတာ။ ဒီနေ့တော့ တနေကုန်ပဲ။ တနေကုန်ဆိုတာ ၅ မိနစ် ၁၀ မိနစ်ဆို တလုံး၊ နှစ်လုံး လက်နက်ကြီးတွေ ပစ်နေတာ။ မနက် ၅ နာရီကျော် တလုံး၊ နှစ်လုံးလောက်ကြားတယ်။ ဒါပေမဲ့ ဒီ ၉ နာရီ၊ ၁၀ နာရီ လောက်ကနေ ပြန်စပစ်တယ်။ ဒီမနက် အခုထိပဲ။ လွိုင်တေးမိန်း ဘက်ကို ပစ်နေတာ။ လက်နက်ကြီးတွေတော့ ၂ နေရာ၊ ၃ နေရာကနေ ပစ်နေတာ။”

လွိုင်တေးမိန်း တောင်ပေါ်နဲ့ တောင်ခြေမှာတော့ TNLA တပ်ဖွဲ့တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူဆယ်မြို့ခံ တဦးကတော့ ၂၈ ရက်နေ့က ပစ်တဲ့ လက်နက်ကြီးကျည်တချို့ လွိုင်တေးမိန်း တောင်ပေါ် ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့တာ ရှိတယ်လို့ ပြောပါတယ်။

“မနေ့ မနက်ကနေ စတာ။ ၁၁ လောက်ကျတော့ အဲဒီပေါ်မှာ ဗုံးကျတယ်။ မီးလောင်သွားတယ်။ လွိုင်တေးမိန်းပေါ့။ လွိုင်တေးမိန်းမှာ အဲဒီမှာ ဘုန်းကြီးကျောင်းရှိတာကိုး။ သံဃာကိုတော့ ရွှေ့ထားတယ်။ အခုထိတာတော့ အဆောင်ဟောင်းပေါ့။ ကျောင်းဟောင်းပေါ့။ ခုန မနက်ကတော့ ၈ နာရီမှာတော့ ပြန်ပစ်ကြတယ်။ ဆယ်လန့်ဘက်ကတော့ သေနတ်သံတွေ၊ ဗုံးသံတွေတော့ ကြားတာပေါ့။ အဲတောင်ကုန်းပေါ်မှာ ပစ်တာ။ ဆယ်လန့်ရဲ့ အရှေ့ဘက် ကျမှာပေါ့။”

ဒီတိုက်ပွဲကတော့ တရုတ်-မြန်မာ နယ်စပ်ကနေ ၁ မိုင်ခန့်အကွာမှာ ဖြစ်ပွားနေတာပါ။ ဒီလ ၂၇ ရက်နေ့ကလည်း မူဆယ်မြို့ အရှေ့ဘက် နမ့်တောင်းရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နမ့်တောင်း ဒေသခံတဦးက ပြောပါတယ်။

“၂၇ ရက်နေ့ကတော့ တပ်မတော် စစ်ကြောင်းကနေ လမ်းဖျက်ထားတဲ့ဟာကို ရွာသားတွေက မြေပြန် သွားဖို့တာ။ မြေ ပြန် သွားဖို့တာကို တပ်မတော် စစ်ကြောင်းက သိတော့ မြေတူးစက်နဲ့ ပြန်လာပြီးမှ တခါ ပြန်လာတူးလိုက်တယ်။ အဲဒီ လာတူးတဲ့အချိန်မှာ TNLA အဖွဲ့က ထင်တယ်။ သူတို့နဲ့ ထိတွေ့ တိုက်ပွဲဖြစ်တယ်။”

ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် နမ့်ဆမ်မြို့နယ်အနီးမှာ ကင်းလှည့်နေတဲ့ TNLA တအန်း(ပလောင်) လွတ်မြောက်ရေးတပ်ဖွဲ့များ (မတ် ၉၊ ၂၀၂၃)

ဒီလ ၁၅ ရက်နေ့လောက်မှာ နမ့်တောင်းနဲ့ ဖာဖိတ် ရွာအကြားနဲ့ ဖာဖိတ်နဲ့ ပန်ဂျုံရွာ အကြား လမ်းပိုင်း နှစ်နေရာ ကို စစ်ကောင်စီ စစ်ကြောင်းက မြေတူးစက်နဲ့ လမ်းကို ဖျက်ခဲ့တာဖြစ်ကြောင်းနဲ့ ဒီလမ်းကြောင်းဟာ ပန်ဆိုင်း(ကြူကုတ်) နဲ့ ၁၀၅ မိုင်ကို ဆက်သွယ်ထားတဲ့ ကားလမ်းဖြစ်ပြီး မှောင်ခိုပစ္စည်း သယ်ဆောင်တာနဲ့ လက်နက်ကိုင်အဖွဲ့တွေ သွားလာမရအောင် လမ်းဖျက်ထားတာ ဖြစ်နိုင်ကြောင်းလည်း ဒေသခံက ပြောပါတယ်။

TNLA ရဲ့ ပြန်ကြားရေး လူမှုကွန်ရက်မှာတော့ သူတို့ တပ်တွေရှိရာ ခိုမုန်းကျေးရွာကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းပြီး စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ် ဆင်လာတာကြောင့် ဒီလ ၂၈ ရက်နေ့မှာ တနေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန် ထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာမှာတော့ ၂၈ ရက်နေ့မှာ လားရှိုးမြို့နယ်၊ ၂၇ ရက်နေ့မှာ မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာအနီး၊ ၂၆ ရက်နေ့နဲ့ ၂၅ ရက်နေ့က ကွတ်ခိုင်မြို့နယ် မန့်ပိန်းရွာနဲ့ လုံဆွေ အနီးမှာလည်း တိုက်ပွဲဖြစ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသြဂုတ်လ အတွင်းမှာတင် စစ်ကောင်စီတပ်နဲ့ TNLA အကြားမှာ တိုက်ပွဲ အနည်းဆုံး ၁၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်းလည်း TNLA ရဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲအခြေအနေကို မေးမြန်းဖို့ TNLA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

Your browser doesn’t support HTML5

မူဆယ်မှာ စစ်ကောင်စီနဲ့ တအန်း(ပလောင်) အဖွဲ့ တိုက်ပွဲဖြစ်