ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်ပွဲပြင်းထန်

နိုဝင်ဘာ ၆ ရက်နေ့က The Kokang ဖေ့စ်ဘုတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် တိုက်ပွဲဓါတ်ပုံတပုံ

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ရှမ်းမြောက်ဒေသ စစ်ဆင်ရေး ၁၁ ရက် မြောက်နေ့မှာတော့ ကိုးကန့်ဒေသ၊ ကွမ်းလုံ၊ နမ့်ခမ်းနဲ့ နောင်ချိုဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပါတယ်။ MNDAA က ဒီနေ့ စခန်း ၃ခု ထပ်မံသိမ်းယူလိုက်ပြီး သံလွင်မြစ်အရှေ့ခြမ်းကို ထိန်းချုပ်နိုင်ပြီလို့ သတင်းထုတ်ပြန်ထားသလို TNLA အဖွဲ့ကတော့ နောင်ချိုမြို့နယ် ဂုတ်ထိပ်နဲ့ ရွှေညောင်ပင်အခြေစိုက် စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်တာတွေ ရှိနေပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆုံးရ စစ်ရေးသတင်းတွေကို ကိုစံကျော်က တင်ပြထားပါတယ်။

ကိုးကန့်MNDAA ၊ တအာင်းTNLA နဲ့ ရက္ခိုင် AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၁၁ရက် ကြာမြင့်လာချိန်အထိ စစ်ပွဲအရှိန် လျော့ကျမသွားဘဲ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာပါ။ ဒီနေ့ ကိုးကန့်ဒေသဘက်က တိုက်ပွဲအခြေအနေကို MNDAAရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့ စစ်ရေးအခြေအနေကတော့ ကိုးကန့်နယ်ထဲမှာပဲ တိုက်ပွဲဖြစ်တာများပါတယ်။ ကိုးကန့်ခရိုင်ထဲမှာ ရှိတဲ့ တပ်စခန်း ၃ ခုကို ထပ်မံသိမ်းပိုက်ရရှိတယ်။ တုန်းရှန်းက တခု။ ရှင်းဝမ်ဒေသက ၂ခုဗျ။ ကွမ်းလုံဘက်မှာလည်း မနေ့က အချိန်အထိတော့ ဒီ သံလွင်မြစ်အရှေ့ ဘက်အခြမ်းကို ထိန်းချုပ်ထားနိုင်ပြီ။ ဒီနေ့ အနောက်ဘက်ခြမ်းကို ဆက်လက်ပြီး Operation တွေ ဖော်ဆောင်နေတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတယ်ဗျ။ ”

မဟာမိတ် ၃ဖွဲ့ က တပ်စခန်းပေါင်းက ၁၂၀ကျော် ကို သိမ်းယူထားပြီဖြစ်ကြောင်း လည်း MNDAA ပြောခွင့်ရက ဆက်ပြောပါတယ်။

“ ၃ ဖွဲ့ပေါင်းတော့ တပ်စခန်း ၁၂၀ကျော်ပါပြီဗျ။ ”

ဒီနေ့ မနက်ခင်းမှာတော့ နောင်ချိုမြို့နယ် ဂုတ်တွင်းနဲ့ ရွှေညောင်ပင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း တွေကို TNLA နဲ့ မန္တလေး PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တနင်္ဂနွေနေ့ကတော့ နမ့်ခမ်းမြို့ ရဲစခန်းကို သိမ်းယူခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။

ဂုတ်တွင်းအနီးက ဒေသခံတွေကို မေးမြန်းရာမှာတော့ မနက် ၉နာရီကနေ နေ့ခင်း ၁နာရီအထိ တိုက်ပွဲဖြစ်ခဲ့ကြောင်းနဲ့ စစ်ကောင်စီက လေကြောင်းက တကြိမ်တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့က ရှမ်းမြောက်ဒေသမှာ တပ်စခန်း ၁၀၀ ကျော်နဲ့ မြို့ ၄မြို့ကို သိမ်းယူကြောင်း ထုတ်ပြန်တဲ့အပေါ်မှာတော့ ဒါဟာ ဝါဒဖြန့်ပြောဆိုတာဖြစ်ကြောင်း စစ်ကောင်စီဘက်က တုံပြန်ထားပါတယ်။

ဒီလ ၂ရက်နေ့မှာ ကျင်းပတဲ့ စစ်ကောင်စီအဖွဲ့အစည်းအဝေးမှာတော့ MNDAA နဲ့ TNLA ပူးပေါင်းတပ် တွေက ရှမ်းမြောက်ဒေသရှိ လုံခြုံရေးစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို တိုက်ခိုက်လာတာနဲ့ KIA က ကချင်ပြည်နယ်ရှိ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်တာရှိနေကြောင်း၊ ဒီတိုက်ခိုက်မှုတွေကို တန်ပြန် ချေမှုန်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

The Kokang ဖေ့စ်ဘုတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် "နိုဝင်ဘာလ ၅ ရက်နေ့ MNDAAမှ စစ်ကောင်စီ၏တုံရှမ်ထုံ တာကန်ထန်စခန်းသိမ်းယူ" ဓါတ်ပုံ

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဂုတ်ထိပ်အနီးအနားက ကျေးရွာက ဒေသခံပြည်သူ ၄၀၀ ကျော်ဟာ နောင်ပိန်ကျေးရွာကို တိမ်းရှောင်နေရပါတယ်။ လောလောဆည် ညီနောင်မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာလည်း မြို့ပေါ်နေ ပြည်သူတွေဟာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရကြောင်း သိန္နီဒေသခံတဦးက ပြောပါတယ်။

“စစ်ရှောင်က မြို့အဝင်ပေါ့နော်။ ကျောင်းခမ်းမှာတော့ ပြီးခဲ့တဲ့အပတ်က ၂ထောင်။ အခုက အဲဒီထဲက လူတွေကို ထော်လာဂျီအစီး ၃၀လောက်တော့ ထုတ်လာပြီတဲ့။ မိုင်းပါး ဘုန်းကြီးကျောင်းဘက်ကို ပို့လိုက်ပြီလို့ ပြောတယ်။ နည်းနည်းတော့ ကျန်သေးတယ်။ မြို့ထဲမှာကတော့ တမြို့လုံးကတော့ ဘုန်းကြီးကျောင်းတွေမှာ အပြည့်ရှိတယ်။ အင်အားဘယ်လောက်ဆိုတာ တမြို့လုံးရဲ့ အတိုင်းအတာပဲ။”

သိန္နီမြို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာပါ။ ဒေသတွင်းအခြေစိုက် ရွှေဖီမြေ သတင်းဌာနကတော့ သိန္နီမြို့ စစ်တပ်အခြေစိုက်ရာနေရာက ကျောင်းခမ်း ဘုန်းကြီးကျောင်းမှာ စစ်ရှောင် ၃၀၀၀ လောက်ရှိ တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ မြို့အတွင်းနဲ့ မြို့အနီးအနား ကျေးရွာတွေက ပြည်သူတွေဟာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေ ရတာ ဖြစ်ပြီး စစ်ဘေးဒုက္ခသည် က ခန့်မှန်းခြေ စုပေါင်း ၉ထောင် နီးပါးရှိကြောင်းနဲ့ ဆေးဝါးနဲ့ ရိက္ခာအခက်အခဲတွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

၁၀၂၇စစ်ဆင်ရေး ၁၁ရက်တာကာလအတွင်း ရှမ်းမြောက်ဒေသမှာ စစ်ရှောင်စုစုပေါင်း ၂သောင်းကျော် လာသလို အရပ်သားသေဆုံးမှုဟာ ကလေး ၃ဦးအပါအဝင် ၁၈ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၄၁ ဦး ရှိကြောင်း ရွှေဖီမြေသတင်းမှာ ဖော်ပြပါတယ်။ လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ရက်သတ္တပတ်ကြာ တိုက်ပွဲတွေအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂၃၀၀၀ ကျော်ရှိပြီး အရင်က ရှိနှင့်ပြီး စစ်ရှောင်တွေနဲ့ပါဆိုရင် အခုအခါ ဒုက္ခသည် စုစုပေါင်း ၃၇၄၀၀ ရှိကြောင်း ကြာသပတေးနေ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့ လောက်ကိုင်မြို့မှာတော့ အခြားဒေသက လာရောက်အလုပ်လုပ်ကိုင်သူတွေ ထောင်နဲ့ချီ ပိတ်မိနေပါတယ်။ အလုပ်လက်မဲ့ဖြစ်ရတာနဲ့ လမ်းတွေပိတ်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် လောက်ကိုင်ရောက်နေသူ အများစုဟာ အခက်အခဲကြားက မိမိတို့ နေရပ်ကို ပြန်လာနေကြပါတယ်။ ဒါပေမဲ့ ချင်းရွှေဟော်နဲ့ လောက်ကိုင်အကြားမှာ ဖြတ်သန်းခွင့်မပြုတာကြောင့် ကားတွေ ရာနဲ့ချီ ပိတ်မိနေကြောင်း မော်တော်ယာဉ်အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနက်က ကျနော်တို့ ကားတွေ ပြန်ဆင်းလာတာ ပေးမဖြတ်ဘူးလို့ ပြောတယ်။ ရော်ဘာတောနားမှာ။ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားပေါ့။ အစီး ၁၀၀ လောက်တော့ ရှိမယ်။ ”

အချို့တွေကတော့ အငှားဆိုင်ကယ်နဲ့ ပြန်သူတွေ၊ လမ်းလျှောက်ပြန်သူတွေလည်း ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် ဖုန်းလိုင်းအဆက်အသွယ်ပြတ်တောက်နေတာကြောင့် သီးခြားအတည်ပြုချက်တော့ မရပါဘူး။

Your browser doesn’t support HTML5

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်ပွဲပြင်းထန်