ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် MNDAA အဖွဲ့ အပြည့်အဝ ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီက မနေ့ မနက်ပိုင်းက လေကြောင်းကနေ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့တွေက ရှမ်းမြောက်ဒေသမှာ ၄ ရက်ကြာ အပစ်ရပ်ကြောင်း ကြေညာချိန်မတိုင်ခင်လေး စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း လားရှိုးနဲ့ ကျောက်မဲမြို့တွေမှာ နှစ်ဖက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ရှမ်းမြောက်ဒေသရဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်ကသတင်းပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က တင်ပြပေးပါမယ်။
ရှမ်းမြောက်ဒေသမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအပြီး ကိုးကန့် MNDAA ရဲ့ ထိန်းချုပ်မှုအောက်ကို လုံး၀ရောက်ရှိသွားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီက တနင်္ဂနွေ အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တဦးသေဆုံးပြီး အနည်းဆုံး လူ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် အဆောက်အဦးတွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒီအတောအတွင်း ရှမ်းမြောက်ဒေသမှာ ဇူလိုင်လ ၁၄ရက် ည ၁၂နာရီကနေ ၁၈ရက်နေ့ ည ၁၂နာရီ အထိ အပစ်ရပ်မှာဖြစ် ကြောင်း MNDAA ကိုးကန့်တပ်က ကြေညာထားတာဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသမှာ MNDAA ထုတ်ပြန်ထားသလို ၄ရက်တာ အပစ်အခတ် ရပ်စဲထားကြောင်း တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဗွီအိုအေကို ပြောပါတယ်။
“ ကျမတို့ဘက်ကလည်း ၁၄ရက်ကနေ စပြီးတော့မှ ၁၈ရက်နေ့အထိပေါ့နော်။ ဒီလ ၄ရက်တာအတွင်း ကျမတို့ အပစ်ရပ်ထားတာဖြစ်ပါတယ်။ အဓိကကတော့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့မှ စိုးရိမ်ပူပန်မှုကို ကျမတို့က တုံပြန်ပြီးတော့မှ ပူးပေါင်းတာဖြစ်ပါတယ်။ ”
ဒီလို အပစ်ရပ်ထားပေမဲ့ စစ်ကောင်စီဘက်က တိုက်လာရင် ပြန်လည်ခုခံတိုက်ခိုက်မှာဖြစ်ကြောင်းနဲ့ အပစ်ရပ်နယ်မြေဟာ ရှမ်းမြောက်ဒေသအတွင်းသာဖြစ်ကြောင်း သူက ပြောပါတယ်။ လက်ရှိအချိန်ထိတော့ လားရှိုးမြို့မှာ နှစ်ဖက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး ဒီမနက်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတာနဲ့ ပတ်သက်လို့ လားရှိုးမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။
“ မနေ့ကတော့ ၅၀၇ဘက်အခြမ်းရယ်၊ ဟူးမူဆယ်ဘက်အခြမ်းကို ဟိုဘက်က အသားကုန်တက်လာတာ။ တက်လာတော့ ဒီကနေ ချတာပေါ့။ ကျနော်တို့ ဒီရပ်ကွက်က ပတ်ပတ်လည်လည်း လက်နက်ကြီးတွေ ဆင်ထားတော့ လှမ်းပစ် လမ်းပစ်။ ဟိုကလည်း ဒရုန်းနဲ့ချတာ။ ဟိုဘက်ကချတာ၊ ဟိုဘက်က ဒရုန်းနေမှာပေါ့နော။ ဟိုဘက်တစီး၊ ဒီဘက်တစီး၊ အဲဒီချလိုက်တဲ့ဟာကစ ကျနော်တို့မြင်ရတာသိလား။ ကျတာတော့အသံပဲ ကြားရတယ်။ အသားကုန်ချတာ။ ဂျက်ဖိုက်တာလည်း လာကြဲသွားတယ်လေ။ အခုလည်း ချနေတာ ပေါက်ကွဲနေပြီ။ သူတို့ပြောတယ် အပစ်ရပ်ပြီး ဘာညာလုပ်တာပဲ။ အခုလည်း ချတာပဲ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ တွယ်နေကြတယ်။ ”
ကျောက်မဲမြို့မှာတော့ တိုက်ပွဲတွေဟာ မနေ့ညက စတင်ပြီး အခုထက်ထိဖြစ်နေကြောင်းနဲ့ ကျောက်မဲမြို့ အတွင်း လက်နက်ကြီးကျည် ကျတာကြောင့် အရပ်သားတွေ ထိခိုက်တာရှိကြောင်း ကျောက်မဲမြို့ခံတဦးက ပြောပါတယ်။
“ မနေ့ည ၇နာရီလောက်ကတည်းက ဖြစ်တဲ့ဟာ အခုထက်ထိဖြစ်နေတုံး။ မနေ့ညက ဖြစ်တဲ့ဟာကတော့ စစ်တပ် စကခဘက် အဲလို ဖြစ်ကြတယ်။ ဒီနေ့ကျတော့ အဲမှာ မြို့ထဲတွေရော ထပ်ကျတယ်။ ၉ ကွက်မှာရော ကျတယ်။ ၁ ကွက်နဲ့ အောင်ခြင်းရှစ်ပါးနားလေးတွေကော ကျတယ်။ မြို့ထဲကပေါ့။ ထိခိုက်တာက ကျနော်သိသလောက်က ၃ယောက်လောက်ပဲ ရှိအုံးမယ်။ အကြီးကြီး မဟုတ်ဘူး။ ”
လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ခမရ ၅၀၇ ဟာ လားရှိုးအရှေ့တောင်ဘက်ခြမ်းမှာ တည်ရှိပြီး ၅၀၇ တပ်ရင်းအနီးက လူနေရပ်ကွက်တွေကိုလည်း နေရာ ရွှေ့ပြောင်းခိုင်းထားကြောင်းနဲ့ လားရှိုးမြို့မှာ လောလောဆည် မြို့လူထုရဲ့ ၁၀ပုံပုံ ၃ပုံလောက်သာ ကျန်ရှိတော့ကြောင်း ပြောပါတယ်။
အခြားလားရှိုးမြို့ခံတဦးကလည်း ဒီ၂ရက်မှာ တိုက်ပွဲပိုပြင်းထန်လာနေကြောင်းနဲ့ အပစ်ရပ်စဲထားတဲ့ ရက်ပိုင်း အပြီး တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တာကြောင့် လက်ရှိ လားရှိုးမြို့မှာ ကျန်နေသူတွေပါ တိမ်းရှောင်ဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။
“ ၅၀၇ ဘက်မှာ ချတာ တချို့အိမ်တွေကတော့ မီးလောင်နေတယ်။ ပထမတော့ ဒီလက်နက်ငယ်နဲ့ အရင်ပစ်တယ်။ ပစ်ပြီးမှာ ဒီ ၁၁နာရီ ပတ်ဝန်းကျင်လောက်မှာ လက်နက်ကြီး အပြန်အလှန်ထုတာ တွေ့တယ်။ ပိုကြမ်းလာတာ ၂ရက်ရှိပြီ ပိုကြမ်းလာတာ။ နားချိန်မရှိဘူး ဖြစ်နေတယ်။ ကျနော်တို့ ခန့်မှန်းထားတာ ဒီ ၄ရက်အတောအတွင်း ပြည်သူတွေကို အမြန်ထွက်ခိုင်းချင်တဲ့သဘောမျိုးပေါ့နော။ အဲဒါ ဒီမှာ ကျန်နေခဲ့တဲ့သူတွေ ကျနော်တို့ မနက်ဖြန်၊ သဘက်ခါတော့ သွားဖို့ လူတွေက များတယ်။ ”
မနေ့ကတော့ ရှမ်းကျောင်းအနီး လက်နက်ကြီးကျတာကြောင့် အငြိမ်းစားဆရာ၊ ဆရာမ ၂ဦး လက်နက်ကြီးစ ထိမှန်တာရှိကြောင်းနဲ့ မစိုးရိမ်ရကြောင်း ပြောပါတယ်။ မိုးကုတ်မြို့ဘက်က ဒီရက်ပိုင်း တိုက်ပွဲတွေ ဆိုးဆိုးဝါးဝါး ပြင်းထန်နေသလို လျှပ်စစ်မီး ၊ ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေကြောင်း မိုးကုတ်ဒေသခံတဦးက ပြောပါတယ်။
“အခြေအနေက တအားဆိုးနေတယ်။ လေယာဉ်တွေနဲ့လည်း ဗုံးကြဲနေတာ။ အရှေ့ဘက်ကနေ တဖြည်းဖြည်း တဖြည်းဖြည်း ချနေတာ။ မြို့ထဲဘက် တအားဆိုးနေတာ။ ဒီမှာ ဆက်သွယ်ရေးတွေရော၊မီးတွေရော အကုန်ဖြတ်တောက်ထားတာ။ ဘာလိုင်းမှ မမိဘူး။ ဖုန်းကို ပြောလို့ မရဘူး။”
လက်ရှိမှာ သပိတ်ကျဉ်း၊ စဉ့်ကူး စတဲ့မြို့နယ်တွေမှာလည်း တိုက်ပွဲဖြစ်နေတာကြောင်း မိုးကုတ်မြို့ကနေ အခြားကို တိမ်းရှောင်ဖို့လည်း အခက်အခဲရှိနေကြောင်း ပြောပါတယ်။ မိုးကုတ်ဒေသခံက ဖုန်းလိုင်းမိတဲ့နေရာမှာ ရောက်နေတာကြောင့် ဆက်သွယ်လို့ရတာလည်း ဖြစ်ပါတယ်။
တန့်ယန်းမြို့နယ်မှာတော့ ဒီလ ၁၀ရက်နေ့က စစ်ကောင်စီတပ်စခန်းအချို့ကို TNLA က တိုက်ခိုက်ခဲ့တဲ့နောက် UWSA ဝတပ်ဖွဲ့တွေဟာ အင်အား ၂ထောင်လောက် တန့်ယန်းမြို့ကို ဝင်ရောက်လာခဲ့ပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်တွေက သူတို့တပ်စခန်းမှာ ရှိနေပြီး ဝတပ်ဖွဲ့တွေက မြို့အတွင်းအပြင်မှာ တပ်ဖြန့်နေရာယူထားသလို တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ ဒီကနေ့အထိကတော့ ဌာနဆိုင်ရာရုံးနဲ့ ကျောင်းတွေ ပိတ်ထားဆဲ ရှိနေပါတယ်။
မိုင်းရယ်မြို့ကိုလည်း ဒီလ ၁၃ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA မြောက်ပိုင်းက အင်အား ၁၀၀၀ လောက်နဲ့ ဝင်ရောက်လာပြီး မြို့ကို ထိန်းချုပ်ထားကြောင်း ဒေသခံတဦးက ပြောပါတယ်။
“ မြို့ရဲ့ ၅မိုင်အကွာ ၆၇ တပ်ရင်းကို ဒီ MNDAA ကိုးကန့်တွေက တိုက်စစ်ဆင်ထားတဲ့ဟာ ဒရုန်းနဲ့ လာပစ်တဲ့ဟာ၊ မြို့ထဲကနေလည်း ဒီ အမြောက်တွေနဲ့ ပြန်ထုတဲ့ဟာတွေ ရှိတယ်။ နေ့တိုင်းလိုလို ၄- ၅ရက်လောက် အဲလိုမျိုး ဗုံးသံတွေ ကြားတော့ ဒေသခံတွေက ထွက်ပြေးတာများရော၊ အဲလိုမျိုးဖြစ်ပြီး နောက်ပိုင်းမှာတော့ ၁၃ရက်နေ့မှာ ဒီ ရှမ်းတပ်က ဝင်နေရာယူလိုက်တာပေါ့ဗျာ။ ပုံစံကတော့ တန့်ယန်းကို ဝတပ်ဖွဲ့က ဝင် နေရာယူလိုက်တဲ့ပုံစံ အလားတူပဲ မိုင်းရယ်မှာလည်း အဲလိုမျိုးပုံစံဖြစ်သွားတာ။”
လောလောဆည်မှာတော့ မြို့ပတ်လည်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းငယ်တွေက မိုင်းရယ်အခြေစိုက် ခလရ ၃၂၅မှာ ပြန်ပေါင်းထားပြီး ဒီစခန်းငယ်တွေမှာ SSA မြောက်ပိုင်းတပ်တွေက နေရာယူထားကြောင်းနဲ့ မြို့အတွင်းက ဌာနဆိုင်ရာရုံးနဲ့ ကျောင်းတွေ ပိတ်ထားဆဲရှိကြောင်း ပြောပါတယ်။ TNLA ရဲ့ Telegram သတင်းစာမျက်နှာမှာတော့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်ခဲ့တဲ့ ရက် ၂၀အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၆၆ဦး သေဆုံးပြီး ၁၀၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။
ရှမ်းမြောက်တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီလ ၃ရက်နေ့က MNDAA နဲ့ ပူးပေါင်းတပ်တွေက လားရှိုးမြို့ကို ရှော့တိုက်ဒုံး၊ ဒရုန်း စတာတွေနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် အရပ်သားသေဆုံးသူ ၁၈ဦး၊ ထိခိုက်ဒဏ်ရာရသူ ၂၄ဦးရှိခဲ့ကြောင်း ဒီလ၉ရက်နေ့မှာ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5