မြန်မာထုတ် သား ငါးထုတ်ကုန်တွေ မစားဖို့ ကန် FDA သတိပေး

FDA အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ ၊အစားအစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန FSIS က ပုံနှင့်တကွ ထုတ်ပြန်တဲ့ တားမြစ်တဲ့မြန်မာအစားအစာများ

မြန်မာနိုင်ငံကနေ တင်လာသွင်းတဲ့ ကြက်သား၊ ဘဲသားနဲ့ အသားမျိုးစုံ ထုတ်ကုန်ပစ္စည်းတွေဟာ တရားမဝင်ကြောင်းနဲ့ စားသုံးဖို့ မသင့်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအောက်က စားသောက်ကုန်ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆေးရေးဌာန FSIS က သတိပေးတားမြစ်လိုက်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ဒီအစားအသောက်တွေနိုင်ငံထဲ ဘယ်လိုဝင်ရောက်လာတယ်ဆိုတာ FSIS က ဆက်ပြီးစစ်ဆေးနေပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၄ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ စာရင်းမှာ မြန်မာထုတ်ကုန်တွေဖြစ်တဲ့ အသားဟင်း စည်သွပ်ဗူး၊ မုန့်ဟင်းခါးအနှစ်၊ အုန်းနို့ခေါက်ဆွဲအနှစ်နဲ့ ငါးခြောက်စတဲ့ စားသောက်ကုန်တွေပါဝင်ပါတယ်။ ဒီထုတ်ကုန်တွေမှာ တရားဝင်ခွင့်ပြုချက်မပါသလို၊ USDA စစ်ဆေးချက်အမှတ်အသားလည်း မပါဘူးလို့ သတိပေးချက်မှာဖော်ပြထားပါတယ်။ ဒီစားသောက်ကုန်တွေကို Arizona၊ California၊ Iowa၊ Kansas၊ Maryland၊ Minnesota၊ Nebraska နဲ့ Oklahoma ပြည်နယ် လက်လီဆိုင်တွေကို အဓိက တင်ပို့တာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

အစားအစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန FSIS က လက်လီရောင်းချတဲ့ဆိုင်တွေကို စောင့်ကြည့်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက တရားမဝင်တင်သွင်းလာတဲ့ ကြက်၊ ဘဲနဲ့ အခြား အသား ထုတ်ကုန်ပစ္စည်းတွေက သွင်းကုန်အရည်အသွေးမပြည့်မီတာကိုတွေ့ခဲ့တာပါ။ ဒီစားကုန်တွေမှာ ကျန်းမာရေးထိခိုက်နိုင်တဲ့ အန္တရာယ်ရှိပစ္စည်းတွေပါတယ်လို့ အတည်မပြုနိုင်သေးပေမဲ့ ကျန်းမာရေးပြဿနာတစုံတရာဖြစ်ရင် သက်ဆိုင်ရာကျန်းမာရေးဌာနမှာ ဆေးကုသမှုခံဖို့ဖော်ပြပါတယ်။ အမေရိကန် စားသောက်ကုန်ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆေးရေးဌာန FSIS က အမေရိကန်ထုတ်စားကုန်တွေကို စစ်ဆေးပြီးခွင့်ပြုချက်ပေးတာပါ။

အခုသတိပေးထားတဲ့ မြန်မာစားသောက်ကုန်တွေက တရားဝင်ခွင့်ပြုချက်မရှိတဲ့အတွက် လက်လီဆိုင်တွေအနေနဲ့ မရောင်းချကြဖို့နဲ့ ဝယ်ထားသူတွေအနေနဲ့လည်း ဒီစားကုန်တွေကို စွန့်ပစ်ကြဖို့ ဒါမှမဟုတ် ဝယ်ယူတဲ့ဆိုင်တွေမှာပြန်အပ်ကြဖို့ FSIS ကသတိပေးထားပါတယ်။

Your browser doesn’t support HTML5

မြန်မာထုတ် သား ငါးထုတ်ကုန်တွေ မစားဖို့ ကန် FDA သတိပေး