(Zawgyi/Unicode)
COVID- 19 ကပ်ရောဂါ ကျရောက်နေချိန် ရှမ်းပြည်နယ်တောင်ပိုင်းမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေပေါ်မှာ ဝင်ရောက်ထွန်ယက်တာကြောင့် ဒေသခံတွေ အမှုဖွင့်ခံထားရသလို လယ်ထွန်စက်တွေ အသိမ်းခံထားရတဲ့ သတင်းကို ကိုမိုးဇော် တင်ပြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပင်စုံနဲ့ နောင်ကျော်ကျေးရွာအုပ်စု က ရွာ ၅ရွာက မြေယာအငြင်းပွားမှု ဖြစ်ပွားနေတာပါ။
တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေပေါ်မှာ ဒေသခံရွာသားတွေက ဝင်ရောက်ထွန်ယက်စိုက်ပျိုးဖို့ ကြိုးစားတာကြောင့် လက်ရှိ တွေ့ကြုံနေရတဲ့အခြေအနေကို ဒေသခံတောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်ချိုချိုဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
“ အကုန်လုံး ထွန်စက်က ၂၉စီး သိမ်းဆည်းထားပါတယ်။ လူကတော့ ၇၀ လောက်ရှိမှာပေါ့။ တောင်သူ ၇၀လောက် တရားအစွဲခံရမှာပေါ့နော်။ တစ်ရွာလုံးစွဲထားတယ်ဆိုတော့။ ဒါပေမယ့် ရဲစခန်းပဲ ရောက်သေးတယ်။ စိစစ်တာရဲစခန်းမှာပဲ စိစစ်တယ်။ တရားရုံးတော့ မတင်သေးပါဘူး။ ”
တပ်မတော်က ဆီဆိုင်မြို့နယ်အတွင်းက လယ်ယာမြေတွေကို ၁၉၉၂ ခုနှစ်က စတင်သိမ်းယူခဲ့တာပါ။ သိမ်း ယူပြီးတဲ့နောက်မှာ ဒေသခံတောင်သူတွေကို ဆက်လက် စိုက်ပျိုးခွင့်ပေးခဲ့ရာက ၂၀၁၉ခုနှစ်မှာ စိုက်ပျိုးခွင့် မပေးတော့ဘဲ ဝင်ရောက်စိုက်ပျိုးသူတွေကို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
မနေ့ကလည်း တောင်သူအမျိုးသမီးတွေက ထွန်တုံးတိုက်ပွဲလုပ်ခဲ့တာကြောင့် ဒေသခံအာဏာပိုင်တွေက လာရောက် တားဆီးတာတွေ ရှိခဲ့ပါတယ်။
လောလော သိမ်းဆည်းခံထားရတဲ့ မြေယာဧကပေါင်း ၂၀၀၀ နီးပါးခန့်ရှိတယ်လို့ လယ်ယာမြေ ပြန်လည်ရရှိ ရေးအတွက် ဆောင်ရွက်နေတဲ့ ဆီဆိုင်ဒေသခံ ခွန်ကျော်နိုင်က ပြောပါတယ်။
“ ကျေးရွာ ၂အုပ်စု တပ်ရင်းကတော့ ခမရ ၄၂၃ရယ်၊ ခမရ ၄၂၄ရယ်၊ နောက် အရှေ့ပိုင်းတိုင်း အမှတ် ၁ စစ်ဗျူဟာ တစ်ခုရယ်။ ၃နေရာပေါ့။ လမ်း ဘယ်ဖက်၊ ညာဖက်ကို စုစုပေါင်း ၂၄၀၀ ဧကပေါ့။ တကယ်ပြန်စွန့်ပေးတာက ဧက ၂၀၀ပဲပေါ့။ မနှစ်တုံးက ကျန်တာက အခုထက်ထိ မစွန့်ပေးဘူးပေါ့နော်။”
ဒေသခံတောင်သူတွေအနေနဲ့ ဒီလယ်ယာတွေကို စိုက်ပျိုးခွင့်မရရင် ဘဝရပ်တည်ရေးအတွက် အခက်အခဲရှိနိုင်ကြောင်း၊ ဒါကြောင့် အစိုးရနဲ့ တပ်မတော်က ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက် ပေးစေလိုကြောင်း ခွန်ကျော်နိုင်က အခုလို ဆက်ပြောပါတယ်။
“ သိမ်းဆည်းထားတဲ့မြေတွေက အစိုးရရဲ့ မူဝါဒလည်းရှိတယ်။ တပ်ရဲ့ မူဝါဒလည်းရှိတယ်။ အဲဒီမူဝါဒထဲက အတိုင်းကို စိစစ်ပေးစေချင်တယ်။ ပြီးရင် တပ်က လိုအပ်တဲ့ ဧရိယာအတိုင်းလောက်ပဲ ယူသင့်တယ်ပေါ့။ မလိုအပ်ဘဲနဲ့ နေရာအကျယ်ကြီးယူထားတာဆိုရင် ဒါ တောင်သူတွေကလည်း တအား နစ်နာဆုံးရှုံးစေတယ်။ ဒီ သေသေချာချာလေး အဲဒီမူဝါဒအတိုင်းလေးကို တရားမျှတမှုရှိရှိနဲ့ စိစစ်ပေးစေချင်တယ်ပေါ့နော်။ တပ်ပိုင်း ကိုရော၊ အစိုးရပိုင်းကိုရော။ လိုအပ်တဲ့ အတိုင်းအတာ ပမာဏလေးတွေ ယူပြီးတော့ ပိုတဲ့ဟာတွေ မူလ တောင်သူကို ပြန်ပေးစေချင်တယ်။ ”
ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းနဲ့ မိတ်ဖက် အရပ်ဘက် အဖွဲ့အစည်း ၂၀၀လောက်ကလည်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်း တည်ဆောက်စဉ်ကာလမှာ ဒီလို မြေယာသိမ်းဆည်းတာတွေ ရှိနေတာကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်လာစေနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလမှာ မြေယာနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေဟာ မြင့်တက်လာနေပြီး ၂၀၁၅ ခုနှစ်မှာ တိုင်ကြားမှုပေါင်း ၁၇၀၀၀ကျော်ရှိခဲ့တဲ့နောက် ၂၀၁၆ခုနှစ်မှာ အစိုးရက လယ်ယာမြေနဲ့ အခြား မြေယာများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီ ဖွဲ့စည်းပြီး ဖြေရှင်းဆောင်ရွက်ခဲ့ပါတယ်။
Your browser doesn’t support HTML5
...............
(Unicode)