မြန်မာ့သတင်းမီဒီယာအရေး EU စိုးရိမ်

သတင်းထောက်များလွတ်မြောက်ရေးဆန္ဒပြနေကြစဉ်။ (ဇွန် ၈-၂၀၁၇)

မြန်မာနိုင်ငံမှာ သတင်းထောက်တွေနဲ့ သတင်းမီဒီယာသမားတွေ လတ်တလော ဖမ်းဆီး ထိန်းသိမ်းခံရတာ၊ တရားစွဲဆိုခံရတာတွေ ရှိနေတာနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ဥရောပသမဂ္ဂ EUက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့လထဲမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သတင်းထောက်တချို့ တပ်မတော်က ဖမ်းဆီးခံရတာ ခံခဲ့ရ ပြီးတဲ့နောက် မြန်မာနိုင်ငံတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပက စိုးရိမ်မကင်း သဘောထားတွေ ထွက်ပေါ်နေချိန်မှာပဲ EUရဲ့ ကြေညာချက် ထွက်လာတာပါ။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေ အနေနဲ့ လွတ်လပ်စွာ သတင်းရယူနိုင်တဲ့ အခြေအနေ ပတ်ဝန်းကျင်တခု ရှိဖို့ အရေးကြီးသလို၊ လတ်တလော သတင်းမီဒီယာသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ တရားစွဲဆို ခံရတာတွေ ဆက်ပြီး ရှိနေတာဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ EU ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရ Valerie Zirl က ပြောပါတယ်။

“ပြီးခဲ့တဲ့လပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေနဲ့ သတင်းထောက်တွေ ဖမ်းဆီးထိန်းသိမ်းခံရတာ ဒါမှမဟုတ် တရားစွဲဆိုခံရတာတွေဟာ စိုးရိမ်စရာကောင်းလောက်အောင် တိုးလာနေပါတယ်။ လွတ်လပ်စွာ တွေးခေါ်ယူဆခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တွေဟာ လူသားတိုင်း ခံစားခွင့်ရှိတဲ့ အခြေခံ အခွင့်အရေးဖြစ်သလို၊ ဒီမိုကရေစီ လူ့ဘောင်အသိုင်းအဝိုင်းအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှုမှာ အခြေခံတဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကို ဖော်ဆောင်ရာမှာ လိုအပ်တဲ့ အခြေခံအချက် တခုလည်း ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းလက်နက်ကိုင်အဖွဲ့ TNLA က ဦးစီးကျင်းပတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားကို သတင်းယူပြီး ပြန်လာကြတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB နဲ့ ဧရာဝတီ သတင်းဌာနတွေက သတင်းထောက် သုံးဦး ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မဥပဒေနဲ့ စွပ်စွဲခံထားရတာရှိသလို၊ တခြားသော ဖမ်းဆီးခံထားရတဲ့ ဒါမှမဟုတ် တရားစွဲဆိုခံထားရတဲ့ သတင်းမီဒီယာသမားတွေလည်း အများအပြား ရှိနေတာပါ။

ဒါကြောင့် လက်ရှိအစိုးရလက်ထက်မှာ သတင်းမီဒီယာ ပိုပြီး ထိန်းချုပ်ခံလာနေရသလား ဆိုတဲ့ မေးခွန်း ထုတ်မှုတွေနဲ့ စိုးရိမ်မကင်း သဘောထားတွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံမှာ သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းရယူနိုင်အောင် အစိုးရက လိုအပ်တဲ့ ဥပဒေအရ အကာအကွယ်ပေးမှုတွေ ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ အီးယူကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရ က ပြောပါတယ်။

“သတင်းမီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်ခြင်း နဲ့ ဗဟုဝါဒ တွေဟာ ဒီမိုကရေစီရဲ့ အဓိကကျတဲ့ အချက်တွေဖြစ်ပါတယ်။ ဒါကြောင့် သတင်းသမားတွေအနေနဲ့ ဖမ်းဆီးခံရမှု၊ တရားစွဲဆိုခံရမှုတွေနဲ့ ခြိမ်းခြောက်ခံရမှုတွေ မရှိဘဲ လွတ်လပ်စွာ လုပ်ငန်းလုပ်ကိုင်နိုင်အောင် လိုအပ်တဲ့ တရားဥပဒေအရ အကာအကွယ်တွေ ပေးသွားဖို့ မြန်မာအစိုးရကို ကျမတို့ တောင်းဆိုပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားထုတ် ဖော်ဆောင်နေတာမှာ လိုအပ်တဲ့အကူအညီတွေ ပေးသွားဖို့ ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေက အဆင်သင့် ရှိနေပါတယ်လို့လည်း ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ဥရောပသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမြန်မာအစိုးရလက်ထက် သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ တရားစွဲဆို ခံနေရတာတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်းကို ရန်ကုန် အမေရိကန်သံရုံးကလည်း ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ကြေညာချက်ထုတ်ပြန်ခဲ့သလို၊ ဖမ်းဆီးခံ သတင်းသမားတွေကို ပြန်လွှတ်ပေးဖို့ ပြည်တွင်းပြည်ပက လူ့အခွင့်အရေး အဖွဲ့တွေကလည်း တောင်းဆိုနေကြတာပါ။

လက်ရှိမြန်မာနိုင်ငံမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၆၄ မှု ရှိပြီးတော့ သတင်းမီဒီယာသမားတွေ အပေါ် အရေးယူထားတဲ့အမှု ၉ မှုအထိရှိပြီး တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၁၄ ဦး ရှိပါတယ်။ နောက်ဆုံး လောလောလတ်လတ် ရှမ်းပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးတာ ခံခဲ့ရတဲ့ DVB နဲ့ ဧရာဝတီသတင်းဌာနတွေက သတင်းထောက် သုံးဦးကတော့ လက်ရှိ သီပေါအကျဥ်းထောင်မှာ ချုပ်နှောင် ခံထားရပြီး ပုဒ်မ ၁၇ (၁) မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ တရားစွဲဆိုထားပြီးတော့ သူတို့ကို ဒီလ ၁၁ ရက်နေ့မှာ ရုံးတင်စစ်ဆေးမယ်လို့လည်း သိရပါတယ်။

Your browser doesn’t support HTML5

မြန်မာ့သတင်းမီဒီယာအရေး EU စိုးရိမ်