ဥတုရာသီ အရေးပေါ်အခြေအနေ ဥရောပပါလီမန် ကြေညာ

အီတလီနိုင်ငံတွင် Ticino မြစ်ရေကြီးမှုကြောင့် လှေဖြင့်သွားလာနေရသည့် ဒေသခံများ။ (နိုဝင်ဘာ ၂၅၊ ၂၀၁၉)

(Zawgyi / Unicode)

ဥရောပပါလီမန်က “ဥတုရာသီဆိုင်ရာ အရေးပေါ်အခြေအနေ” ကျရောက်နေပြီဆိုတာကို မဲခွဲဆုံးဖြတ်ပြီး ကြေညာလိုက်ပါတယ်။

ကမ္ဘာကြီးပူနွေးမှုကို ၁.၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်အောက်မှာ ကန့်သတ် ထိန်းချုပ်ထားဖို့၊ လေထုထဲ ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၀၅၀ ပြည့်နှစ်အရောက်မှာ အနိမ့်ဆုံးဖြစ်အောင် လျှော့ချသလို လေထုထဲမှာ ရှိနေပြီးသား ကာဘွန်ဓာတ်လျော့ကျရေး လုပ်ဆောင်ဖို့နဲ့ ဥတုရာသီပြောင်းလဲရေးဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ရန်ပုံငွေထောက်ပံ့ဖို့ ပါလီမန် ဆုံးဖြတ်ချက်ထဲမှာ ပါပါတယ်။

ဥရောပသမဂ္ဂ (EU) ရဲ့ အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ ဥရောပကော်မရှင်က အရေးယူ လုပ်ဆောင်ဖို့နဲ့ ဥတုရာသီ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ပိုပြီးလုပ်ဆောင်လာအောင် ဖိအားတိုးပေးဖို့ ဒီဆုံးဖြတ်ချက်မှာ တိုက်တွန်းထားပါတယ်။ ဥရောပပါလီမန် အခြေစိုက်ရာ ပြင်သစ်နိုင်ငံ၊ Strasbourg မြို့မှာ ထောက်ခံမဲ ၄၂၉ မဲ၊ ကန့်ကွက်မဲ ၂၂၅ မဲနဲ့ ဒီဆုံးဖြတ်ချက်ကို ကြာသပတေးနေ့က အတည်ပြုလိုက်တာပါ။

EU အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အစိမ်းရောင် ဥတုရာသီ ရန်ပုံငွေလို့ ဆိုရမယ့် Green Climate Fund အတွက် သူတို့ရဲ့ထည့်ဝင်ငွေကို နှစ်ဆတိုးသင့်တယ်လို့ ဥရောပပါလီမန် ဆုံးဖြတ်ချက်မှာ ပါရှိပါတယ်။ ဒီရန်ပုံငွေဟာ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေက ထည့်ဝင်မယ်လို့ ကတိပေးထားတဲ့ ရန်ပုံငွေဟာ ၂၀၂၀ ပြည့်နှစ်အထိ ဒေါ်လာဘီလီယံ ၁၀၀ ထည့်ဝင်ရေး ရည်မှန်းချက်ကို မပြည့်မီဘူးလို့ ဥရောပပါလီမန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စပိန်နိုင်ငံမှာ တနင်္လာနေ့စတင်မယ့် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း ၁၂ ရက်ကြာ ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေး မတိုင်မီမှာပဲ ဥရောပပါလီမန်ရဲ့ ကြေညာချက် ထွက်လာတာပါ။

----------------------------------

(Unicode)








Your browser doesn’t support HTML5

ဥတုရာသီ အရေးပေါ်အခြေအနေ ဥရောပပါလီမန် ကြေညာ