၂၀၁၅ ခုနှစ် ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်မှာ ပြင်ဆင်ဖို့ စည်းမျဉ်းသစ်တွေကို ပိုလန်နိုင်ငံမှာ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂအစည်းအဝေးတွေမှာ ၂ ပတ်ကြာ အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးကြပြီးနောက်ပိုင်း ကမ္ဘာတဝှမ်းက ခေါင်းဆောင်တွေ သဘောတူထားတဲ့ စည်းမျဉ်းသစ်တွေ စနေနေ့မှာ ထွက်ပေါ်လာပါပြီ။
နိုင်ငံပေါင်း ၁၀၀ ကျော်က သံတမန်တွေနဲ့ ဝန်ကြီးတွေ ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်ကို ဒီအစည်းအဝေးပွဲ တွေရဲ့ ဥက္ကဋ္ဌ ပိုလန်အကြီးအကဲ Michal Kurtyka က ပိုလန်နိုင်ငံ တောင်ပိုင်းမြို့ Katowice မှာ စနေနေ့က အတည်ပြုလိုက်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ နိုင်ငံတခုချင်းစီရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှုန်းကို ပွင့်ပွင့်လင်းလင်း တင်ပြဖို့နဲ့ သိသိသာသာ လျှော့ချနိုင်အောင် ဆောင်ရွက်ဖို့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရေး ကုလသမဂ္ဂအစည်းအဝေးပွဲတွေမှာ ဆွေးနွေးခဲ့ကြပါတယ်။
တကယ်လို့ ၂၀၃၀ ပြည့်နှစ်ထိမှ ကာဗွန်ဒိုင်အောက်ဆိုဒ်လို ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို သိသိသာသာ မလျှော့ချနိုင်ဘူးဆိုရင် အလွန်ဆိုးရွားတဲ့ ကမ္ဘာကြီး ပူနွေးလာမှု ဘေးရန်ကို ရင်ဆိုင်ရနိုင်တဲ့အကြောင်း သိပ္ပံပညာရှင်တွေက ပြောဆိုထားပါတယ်။ ကာဗွန်ထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံအချင်းချင်းကြား အပေးအယူ ညှိနှိုင်းမယ့်ကိစ္စနဲ့ ကမ္ဘာကြီးပူနွေးလာမှု တားဆီးရေးအတွက် ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ကိုတော့ ဒီအစည်းအဝေးက ရွှေ့ဆိုင်းထားပါတယ်။