ဘုရင်မကြီး အဲလိစ်ဇဘက်သ် ဈာပန မြန်မာကို မဖိတ်

ကွယ်လွန်သူ ဒုတိယမြောက် ဗြိတိန်ဘုရင်မကြီး အဲလဇ္ဇဘက်ရဲ့ ရုပ်ပုံလွှာ။ 

[[Zawgyi/Unicode]]

[[Zawgyi/Unicode]]

ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိစ်ဇဘက်သ်ရဲ့ နိုင်ငံတော်ဈာပနကို တက်ရောက်ဖို့ မြန်မာ၊ ရုရှားနဲ့ဘဲလားရုစ်နိုင်ငံတွေက ကိုယ်စားလှယ်တွေကို ဗြိတိန်က ဖိတ်ကြားထားတာမရှိဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကိုကန့်ကွက်တဲ့အနေနဲ့ ရုရှားနဲ့ သူ့ရဲ့မဟာမိတ် ဘဲလားရုစ်နိုင်ငံကို ဗြိတိန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေချမှတ်ထားသလို အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကိုလည်း ဗြိတိန်အစိုးရက အလားတူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ထားတာပါ။

စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့မှာ ကျင်းပမယ့် ဘုရင်မကြီး ဈာပနအခမ်းအနားကို တက်ရောက်ဖို့ ဗြိတိန်နဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံအများစုက အကြီးအကဲတွေကို ဖိတ်ကြားစာတွေ ပေးပို့ထားပြီး နိုင်ငံအသီးသီးက ဂုဏ်သရေရှိ ဧည့်သည် ၅၀၀ လောက် တက်ရောက်မယ်လို့ မျှော်လင့်ထားကြောင်း BBC သတင်းဌာနက ပြောပါတယ်။ သက်တော် ၉၆ နှစ်ရှိပြီဖြစ်တဲ့ နန်းသက်ရှည်ဘုရင်မကြီး အဲလိစ်ဇဘက်သ်ဟာ စက်တင်ဘာလ ၈ ရက်နေ့က စကော့တလန် Balmoral စံအိမ်မှာ ကံကုန်ခဲ့တာပါ။

တနင်္ဂနွေနေ့က ဘုရင်မကြီး ရုပ်ကလာပ်ကို Edinburgh မြို့ St. Giles ဘုရားကျောင်းကို သယ်ဆောင်ထားရှိပြီး ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ လန်ဒန်မြို့ Buckingham နန်းတော်ကို သယ်ဆောင်မှာဖြစ်ပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ သားတော် ဘုရင် Charles ဦးဆောင်ပြီး ဘုရင်မကြီး ရုပ်ကလာပ်ကို Buckingham နန်းတော်ကနေ Westminster ဘုရားကျောင်းကို ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။

ဈာပနအခမ်းအနားကျင်းပမယ့် စက်တင်ဘာ ၁၉ ရက်နေ့မတိုင်ခင်အထိ အဲလိစ်ဇဘက်သ် ဘုရင်မကြီး ရုပ်အလောင်းကို Westminster ဘုရားကျောင်းခန်းမမှာ ၄ ရက်ကြာ အများပြည်သူ ဂါရဝပြုနိုင်ဖို့ ထားရှိမှာပါ။ ခန်းမကို တရက် ၂၃ နာရီ ဖွင့်ပေးထားမှာဖြစ်ပြီး တော်ဝင်အိမ်တော် စစ်သည်တွေက စောင့်ကြပ်မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၉ ရက် ဈာပန အခမ်းအနားပြီးရင်တော့ ဘုရင်မကြီး ရုပ်ကလာပ်ကို ၂၀၂၁ ခုနှစ် ဧပြီလတုန်းက ကွယ်လွန်သူ ကြင်ယာတော် Philip မင်းသားကြီး ရုပ်အလောင်းမြှုပ်နှံထားတဲ့ ဝင်ဆာ ရဲတိုက်ကို သယ်ဆောင်မြှုပ်နှံမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဘုရင်မကြီး အဲလိစ်ဇဘက် ဈာပန မြန်မာကိုမဖိတ်.mp3

===========

[[Unicode]]




