ကမ္ဘာတဝှမ်းလုံးက အာရုံစိုက် စောင့်ကြည့်နေရတဲ့ အမေရိကန်သမ္မ တ ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ Electoral College တို့၊ Electoral Vote တို့ ၊ Popular Vote တို့ဆိုတဲ့အကြောင်းတွေလည်း မကြာခန သတင်းမီဒီယာတွေမှာ ပြောဆို ဆွေးနွေးနေကြတာကို ကြားနေရပါတယ်။ ကိုဇော်ဝင်းလှိုင်ရေ ဒီအကြောင်းကို စပြီးရှင်းပြပေးပါ။
ဖြေ။ ။ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီ စံနစ်ဟာ တိုက်ရိုက် ဒီမိုကရေစီလို့ခေါ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြည်သူက တိုက်ရိုက် ရွေးချယ် တင်မြောက်ကြတာ မှန်ပေမယ့် သမ္မတကို ရွေးချယ်တဲ့နေရာမှာတော့ တခြား ဒီမိုကရေစီ နိုင်ငံနဲ့ မတူတဲ့ ထူးခြားချက် တခုရှိတယ်ဗျ။ အဲဒါကတော့ Electoral College လို့ခေါ်တဲ့ သမ္မတကို ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ပဲ။
အမေရိကန်သမ္မတလောင်းတွေကို Popular Vote လို့ ခေါ်တဲ့ ရွေးကောက်ပွဲနေ့မှာ တနိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒရှင်တွေက ထဲ့လိုက်တဲ့မဲ အများဆုံးရတဲ့သူက အနိုင်ရတာမျိုးမဟုတ်ဘူး။ Electoral College လို့ ခေါ်တဲ့ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ကိုယ်စားလှယ်တွေက ထဲ့လိုက်တဲ့ Electoral Vote ဆိုတဲ့ ကိုယ်စားလှယ်မဲ အရေအတွက် အများဆုံးရတဲ့သူက သမ္မတအဖြစ် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ Electoral College က သမ္မတနဲ့ မဲဆန္ဒရှင်တွေအကြားက ကြားခံတခုလို သဘောဆောင်တယ်။
မေး။ ။ ဒါဆို - အဲဒီ Electoral College လို့ခေါ်တဲ့ သမ္မတရွေးချယ်ပိုင်ခွင့်ရှိသူတွေကို ဘယ်သူတွေက ရွေးသလဲ၊ ဘယ်လို လူတွေ အရွေးခံကြရတာလဲ ပြောပြပေးပါဦး။
ဖြေ။ ။ သမ္မတလောင်းတွေက ပြည်နယ်တခုချင်းစီမှာ ကိုယ့်စိတ်ကြိုက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့ ဖွဲ့ပြီး ရွေးချယ်ကြတယ်။ အဲဒီ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကိုမှ ရွေးကောက်ပွဲနေ့မှာ လူထုရဲ့ မဲအနည်းအများအလိုက် သမ္မတလောင်း ရွေးချယ်ပိုင်ခွင့်ရှိသူ Electoral College အဖွဲ့ဝင်တွေ ဖြစ်လာကြတယ်။
မေး။ ။ ဒီနေရာမှာ ရှင်းအောင် တခုမေးချင်တာက - ပြည်နယ်တွေက ရွေးချယ်ခံရတဲ့သူတွေကို Electoral Collge လို့ တပေါင်းတည်း နံမည်ပေးထားတာပေါ့။
ဖြေ။ ။ ဟုတ်ပါတယ်။
မေး။ ။ သူတို့တွေကို ဘယ်လို ရွေးချယ်ကြတာလဲ ဆက်ပါဦး။
ဖြေ။ ။ ဘယ်လိုလူတွေကို ရွေးချယ်သလဲဆိုတော့ - ပြည်နယ်ကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တွေ၊ အစိုးရဝန်ထမ်းတွေ အနေနဲ့ ဝင်ရောက် အရွေးခံခွင့် မရှိဘူးဆိုပြီး အမေရိကန် ဖွဲ့စည်းပုံမှာ ကန့်သတ် ပြဌာန်းထားတယ်။ ထုံးစံအရကတော့ ပြည်နယ်အလိုက် ပါတီထဲမှာ နံမည်ရှိတဲ့သူတွေ၊ သူတို့ ကြိုက်နှစ်သက်တဲ့သူတွေကို ရွေးချယ်ကြတာများတယ်။
ပြည်နယ်တခုချင်းစီအလိုက် ရွေးချယ်ပိုင်ခွင့်ရှိသူ အရေအတွက်ကတော့ ပြည်နယ်အတွင်းမှာ ရှိတဲ့ အောက်လွှတ်တော်အမတ် အရေအတွက် နဲ့ ပြည်တခုချင်းစီအလိုက် အချိုကျ သတ်မှတ်ထားပြီးဖြစ်တဲ့ အထက်လွှတ်တော်အမတ် ၂ ဦးစီနဲ့ ပေါင်းပြီး ရတဲ့ စုစုပေါင်း အရေအတွက်ဟာ ပြည်တခုစီရဲ့ သမ္မတရွေးချယ်ပိုင်ခွင့်ရှိသူ အရေအတွက်၊ Electoral College အဖွဲ့ဝင်တွေ ဖြစ်တယ်။
ဒါကြောင့် လူဦးရေများပြီး အောက်လွှတ်တော်အမတ် အရေအတွက် များတဲ့ပြည်နယ်တွေ၊ ဥပမာ - ကာလီဖိုးနီးယားလို၊ Texas လို ပြည်နယ်ကြီးတွေက ရွေးချယ်ပိုင်ခွင့်ရှိသူ အရေအတွက်ဟာ ပြည်နယ် အသေးလေးတွေဖြစ်တဲ့ Vermont တို့၊ Delaware တို့ထက် များတယ်။
မေး။ ။ တော်တော်တော့ ရှုပ်တာပဲနော်။ ဒါဆို အခု သတင်းတွေမှာ ပြောနေကြတဲ့ Eletoral Vote ဆိုတာကရော။ Eletoral Vote ဘယ်လောက်ရမှနိုင်မယ် ဆိုပြီး ပြောကြတဲ့အသံတွေ ကြားနေရလို့လေ။
ဖြေ။ ။ Elector Vote ဆိုတာကတော့ စောစောက ပြောခဲ့တဲ့ Electoral College - ရွေးချယ်ပိုင်ခွင့်ရှိသူ တဦးချင်းစီက ပေးလိုက်တဲ့ မဲတွေကို ဆိုလိုတာ။ ပြည်နယ်အများစုကတော့ Winner Take All လို့ခေါ်တဲ့ ပြည်နယ်အတွင်းမှာ Electoral Vote အများဆုံး ရတယ်လူက အဲဒီပြည်နယ်အတွက် အချိုးကျ သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်မဲအားလုံးကို အနိုင်ရတဲ့သဘောပေါ့။
Electoral College ရွေးချယ်ပိုင်ခွင့်သူ စုစုပေါင်း ၅၃၈ ဦး ရှိတဲ့အထဲက Electoral Vote ကိုယ်စားလှယ်မဲ ၂၇၀ ရမှ သမ္မတအဖြစ် ရွေးချယ်ခံရတယ်။
မေး။ ။ ဒါဆို သမ္မတလောင်းတွေအတွက်ကတော့ အဲဒီ ကိုယ်စားလှယ်မဲ ၂၇၀ ရဖို့က အဓိက ဖြစ်နေတာပေါ့နော်။
ဖြေ။ ။ ဟုတ်တယ်။ တနိုင်လုံးအတိုင်းအတာနဲ့ မဲအရေအတွက် အများဆုံးရပြီး ကိုယ်စားလှယ်မဲ ၂၇၀ မပြည့်လို့ သမ္မတ မဖြစ်လိုက်ရတဲ့ သာဓကတွေလည်း အမေရိကန်သမိုင်းမှာရှိဘူးတယ်။
အနီးစပ်ဆုံး ပြောရမယ်ဆိုရင်တော့ သမ္မတ George W. Bush နဲ့ Al Gore တို့ရဲ့ ၂၀၀၀ ခုနှစ်တုန်းက ရွေးကောက်ပွဲပဲ။ အဲဒီ ရွေးကောက်ပွဲတုန်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ Al Gore က Popular Vote အများဆုံး ရပေမယ့် Electoral Vote အဖြစ်နဲ့ ပြည်နယ် တခုချင်းစီအလိုက် ခွဲပြီး ဖြတ်ချလိုက်တဲ့အခါကတော့ သူက ၂၇၀ မပြည့်လိုက်တဲ့အတွက် ရွေးကောက်ပွဲမှာ မနိုင်လိုက်ဘူး။
အခုလို အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘယ်လို မဲပေးကြတယ်၊ ပြည်နယ် တခုချင်းစီရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ ရေးပါတယ်ဆိုတာကို ကြိုသိထားတော့ ရှေ့သီတင်းတပတ်လောက်အကြာမှာ လုပ်မယ့် ရွေးကောက်ပွဲကို စောင့်ကြည့်ရတာလဲ ပိုပြီး စိတ်ဝင်စားစရာကောင်းတာပေါ့ဗျာ။
Your browser doesn’t support HTML5