အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေလက်က အိန္ဒိယနိုင်ငံသား ၈ ဦး ပြန်လည်လွတ်မြောက်

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ထားတဲ့ မြဝတီခရိုင် ဖားလူးဒေက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ပြန်လွှတ်လာသူ အိန္ဒိယနိုင်ငံသား ၈ ဦးကိုတွေ့ရစဉ် (ဇူလိုင် ၂၁၊ ၂၀၂၄)

မြဝတီမြို့နယ်၊ ဖားလူးဒေသမှာ လိမ်လည်လှည့်ဖျားခံရပြီး ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၈ ယောက်ကို ကယ်ဆယ်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးက မနေ့က လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ ကယ်ဆယ်ခဲ့တဲ့ အိန္ဒိယနိုင်ငံသားတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးဆီ လွှဲပြောင်းပေးခဲ့တဲ့အကြောင်းနဲ့ တရားမဝင် အလုပ်အကိုင်ခေါ်ယူမှုတွေကြား သွေးဆောင်မခံရအောင် သတိထားဖို့၊ အကြံပေးချက်တွေကို လိုက်နာဖို့ သံရုံးကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကနေ လစာကောင်းကောင်းနဲ့ အလုပ်တွေ ပေးမယ်ဆိုပြီး လိမ်လည်ဖျားယောင်းတဲ့ ထောင်ချောက်ထဲ ရောက်မသွားအောင် သတိထားဖို့ အိန္ဒိယနိုင်ငံသားတွေကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ပြီးခဲ့တဲ့ ဇွန်လကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ဖူးပါတယ်။ အိန္ဒိယ၊ မလေးရှားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုက လူငယ်တွေကို အလုပ်အကိုင်ကောင်းကောင်းပေးမယ်လို့ မြူဆွယ်ပြီး အွန်လိုင်းရာဇဝတ်မှုတွေ ကျုးလွန်ခိုင်းတဲ့ အလုပ်တွေ အတင်းအကြပ် ခိုင်းစေနေတဲ့အကြောင်း အိန္ဒိယသံရုံး ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒီနှစ် ဧပြီလက ကမ္ဘောဒီးယားကနေ အိန္ဒိယနိုင်ငံသား ၂၅၀ ကို ကယ်တင်ခဲ့ရပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေမှာ အတင်းအကျပ် အလုပ်ခိုင်းခံရတဲ့ အိန္ဒိယနိုင်ငံသား ၁၃၀ ကို အိန္ဒိယအစိုးရက ကယ်တင်ခဲ့ဖူးပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေက အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်ခိုင်းခံရတဲ့သူ တသိန်း နှစ်သောင်းလောက် ရှိမယ်လို့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လထုတ် ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖေါ်ပြပြီး အဲဒီအထဲမှာ အိန္ဒိယနိုင်ငံသား အများအပြား ပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။