ရခိုင်တိုက်ပွဲ ရှမ်းမြောက်နဲ့ ဘာကွာသလဲ

မမြသဇင်အောင်နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ စက်တင်ဘာလ ၂၄၊​ ၂၀၂၄)

ရှမ်းမြောက်တိုက်ပွဲ အပစ်ရပ်အောင် တရုတ်က ကြားဝင်စေ့စပ်နိုင်ခဲ့ပေမဲ့ ရခိုင်မှာတော့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။ ရှမ်းမြောက်နဲ့ ရခိုင် အခြေအနေဘယ်လိုကွာခြားပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ အခု မြန်မာနိုင်ငံအခြေအနေက ရှမ်းမြောက်ဘက်မှာ တိုက်ပွဲတွေက ငြိမ်သွားတယ်လို့ ယူဆရတဲ့အချိန်မှာ တဘက်မှာ ရခိုင်ဘက်မှာ တိုက်ပွဲတွေက ပြင်းထန်လာပါတယ်။ ဘယ်လိုကြောင့်ပါလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။ ပထမဦးဆုံးကတော့ ရှမ်းမြောက်မှာ ငြိမ်သက်သွားတယ်လို့လည်း အတိအကျတော့ မယူဆနိုင်ဘူး ထင်ပါတယ်။ တရုတ်စေ့စပ်ပေးထားတဲ့ အပစ်ရပ်ဆဲကို နှစ်ဘက်လုံးက ဟိုဘက်ချိုးဖောက် ဒီဘက်ချိုးဖောက် ဖြစ်ကြတယ်။ အခု နောက်ဆုံးအကြိမ်မှာလည်း စစ်တပ်ဘက်က ချိုးဖောက်တဲ့အတွက်ကြောင့် တရုတ်ဘက်မှာတောင် ထိခိုက်မှုတွေရှိတယ်ဆိုတဲ့ ကန့်ကွက်မှုတွေ​ ကြားနေရပါတယ်။ အဲဒီလို အပစ်ခတ်ရပ်ဆဲရေးက သူတို့ရဲ့ ရန်ဆောင်တိုက်ခိုက်မှုတွေကို ငြိမ်သက်သွားစေတဲ့ အခြေအနေတော့ မရှိသေးပါဘူး။ ရခိုင်ဘက်မှာတော့ ပိုပြင်းထန်လာတယ်။ ပေါက်တောတမြို့လုံးက AA သိမ်းပြီးပြီကြားတယ်။ ကျောက်တော်မှာဆိုလည်း အဓိကကျတဲ့ ဗျူဟာစခန်း ကိုးခုလောက် ဗိုလ်မှူးချုပ်အဆင့်လောက် ကြီးကြပ်တာတွေကို လုံး၀နီးပါး ဝိုင်းထားပိတ်ဆို့ထားပြီးပြီလို့ တနင်္ဂနွေနေ့ မနက်အစောကြီးမှာပဲ​ သတင်းရရှိပါတယ်။ မကြာခင် သိမ်းတော့မယ်လို့ ကြားတယ်။ ပလက်၀ကို သိမ်းပြီးပြီ။ ပလက်၀က စစ်ရေးအားဖြင့် မဟာဗျူဟာမြောက်တဲ့ အချက်အခြာကျတယ်။ ဟိုဘက်ဒီဘက် အိန္ဒိယဘက်၊ ဘင်္ဂလားဘက်ကို အကုန်လုံးဆက်သွယ်လို့ရတဲ့ နေရာ ဖြစ်တယ် စသည်ဖြင့်။ ပိုပြီးအရေးကြီးတာက ရမ်းဗြဲကျွန်းရဲ့ မြောက်ဘက်စွန်းမှာ ကျောက်ဖြူ ရှိတယ်။ ရေနက်ဆိပ်ကမ်းဒေသ၊ နောက် ကျောက်ဖြူ SEZ (Special Economic Zone) အထူးစီးပွားရေးဇုန် တည်ဆောက်နေတယ်။ သိပ်အရေးကြီးတဲ့ ဒေသ၊ တရုတ်ရဲ့ အကျိုးစီးပွား။ ဒီနေရာကိုပါ ကျယ်ပြန့်လာတဲ့အတွက် သိပ်ပြီးတော့ အခြေအနေက ရခိုင်ဘက်မှာ တင်းတင်းမာမာ ဖြစ်လာတယ်လို့ ယူဆပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်လဲဆိုတော့ ကျနော် စောစောက ပြောခဲ့သလိုပဲ​ စစ်ကောင်စီကို သူတို့က အနားမပေးချင်ဘူး။ ခုခံတွန်းလှန်ရေးအင်အားစုတွေက တဘက်မှာ ငြိမ်နေရင်၊ ကျန်တဲ့ဘက်မှာ ဖိတိုက်ကြတယ်။ ရခိုင်ဘက်တင်မကဘူး၊ ကချင်ဘက်မှာလည်း တိုက်နေတယ်။ ကချင်ဆိုရင် ရှမ်းပြည်ဘက် မဘိမ်းအထိ သိမ်းတယ်လို့ ကျနော်တို့ တနင်္ဂနွေနေ့မှာ သတင်းကြားသိခဲ့ရပါတယ်။ အဲဒီလိုအဆက်မပြတ် စစ်ကောင်စီကို တိုက်ပွဲဆင်နေကြတယ်လို့ပဲ ပြောနိုင်ပါတယ်။

မေး ။ ။ တကယ်တော့ တရုတ်ရဲ​့ အကျိုးစီးပွားက ရခိုင်မှာ အများကြီးရှိပါတယ်။ အဲဒီတော့ ရှမ်းမြောက်မှာ ကြားဝင်သလိုပါပဲ ရခိုင်မှာကော အဲဒီလို မစေ့စပ်နိုင်ဘူးလား။

ဖြေ ။ ။ သိပ်အရေးကြီးတဲ့ကိစ္စပါပဲ။ ရှမ်းမြောက်လောက် ရခိုင်ကို သူတို့ AA အပေါ် ဩဇာမညောင်းနိုင်ဘူးလို့ ပြောမယ်ဆိုရင် မှားမယ်မဟုတ်ဘူး ထင်ပါတယ်။ ရှမ်းမြောက်က သူတို့နဲ့ ကိုးကန့်တို့ပါ ၀ဒေသတွေအားလုံးဟာ တရုတ်ရဲ​့ဩဇာ ပိုပြီးတော့ လွှမ်းမိုးမှု ရှိပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် စီးပွားရေးအားဖြင့်။ AA ကြတော့ အဲဒီလောက်အထိ မရှိပါဘူး။ နောက် AA ကို သူတို့ ဩဇာသုံးဖို့ကလည်း ရှမ်းမြောက်ကအဖွဲ့တွေလို - ရှမ်းမြောက်အဖွဲ့တွေကို ငယ်နိုင်လို့ ပြောရမလား။ သူတို့ကိုမှီပြီး အားကောင်းလာတယ်လို့ ပြောလို့ရတယ်။ AA မှာတော့ တဘက်မှာလည်း အိမ်နီးချင်းက တရုတ် ရှိတာ မဟုတ်ဘူး။ တရုတ်ရဲ့ပြိုင်ဘက် အိန္ဒိယ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် ရှိတယ်။ တချိန်တည်းမှာပဲ​ တရုတ်က အိန္ဒိယသမုဒ္ဒရာကို စစ်ရေးမဟာဗျူဟာအရ ထွက်ပေါက်လုပ်နေတယ်ဆိုတာကို အနောက်နိုင်ငံတွေက စောင့်ကြည့်နေတယ်ဆိုတော့ AA ကို သူတို့ ထင်သလိုလုပ်ပြီးတော့ အလျှော့အတင်းလုပ်ဖို့ဆိုရင် သိပ်ပြီးတော့ လွယ်လွယ်ကူကူ လုပ်နိုင်မယ်လို့ မထင်ဘူး။ အဲဒါကြောင့် အဖိအဖော့လုပ်မယ်ဆိုရင်လည်း ပိုပြီးတော့ တရုတ်က အလေးအနက် စဉ်းစားလိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် AA ကိုတော့ ဒီလောက်အထိ မီးစိမ်းပြ လုပ်လိမ့်မယ်လို့တော့ မထင်ဘူး။ နောက် AA ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောတယ် - တရုတ်သာပါရင် ငါတို့ နေပြည်တော်တောင် တိုက်သိမ်းပိုက်ပြီးပြီဆိုတဲ့ ပြောဆိုတာကိုကြားဖူးတယ်။ အဲဒါမျိုးတွေဆိုတော့ AA က တရုတ်က အဖိအဖော့လုပ်တိုင်း လွယ်လင့်တကူ ရနိုင်မယ့်အဖွဲ့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။

မေး ။ ။ ဒါဆိုရင် AA က ဘယ်လောက်အထိ မျှော်မှန်းထားမယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အဲဒါကတော့ ခန့်မှန်းရခက်ပါတယ်။ သူတို့ရဲ့စစ်ရေး မျှော်မှန်းချက်။ သူတို့အစွမ်းကုန် ပြောထားတာက "ရက္ခိတလမ်းစဉ်" ဆိုပြီး ပြောထားတဲ့အထဲမှာ ကျနော် သဘောပေါက်သလောက်တော့ ရခိုင်ပြည်မှာ ရခိုင်တပ်ပဲ ရှိရမယ်။ စစ်တပ် မရှိရဘူး။ သူတို့ အုပ်ချုပ်ရမယ်။ သူတို့အုပ်ချုပ်ရေးပဲ ထူထောင်မယ်ဆိုတာကို ပြောနေကြတာ ဖြစ်ပါတယ်။ ဒီတချီမှာ ဒီလောက်အထိကို ရည်ရွယ်သလားတော့ မသိဘူး။ အဲဒါကတော့ ခန့်မှန်းရခက်ပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာ စဉ်းစားမိတာတခုကတော့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကျိုးအမြတ်နဲ့ ပတ်သက်ပြီးတော့ သိပ်အကျိုးအမြတ်များတဲ့ နေရာ ဖြစ်ပါတယ်။ စစ်ကောင်စီအတွက် တနှစ်ကို ဘီလီယံနဲ့ချီ ဝင်နေတဲ့ဒေဖြစ်တော့ အဲဒီအကျိုးစီးပွားကို စစ်ကောင်စီနဲ့ တရုတ် နှစ်ဘက်လက်ဝါးရိုက်ပြီး လုပ်တာထက်၊ သူတို့ကိုလည်း ထည့်ပြီးညှိစေချင်တယ်။ ဒီကိစ္စမှာ သူတို့ရဲ့အမြင်တွေလည်း ပါစေချင်တဲ့သဘော ရှိလေမလားဆိုတာကို ကျနော် စဉ်းစားမိပါတယ်။ အစွမ်းကုန် သူတို့ရဲ့ "ရက္ခိတလမ်းစဉ်" ကို နောက်ဆုံးအထိ အကောင်အထည်ဖော်သွားဖို့ ဒီအချိန်မှာ ရည်မှန်းချက် ဒီလောက်အထိ မြှင့်ထားသလား၊ မမြှင့်ထားဘူးဆိုတာတော့ ပြောရခက်ပါတယ်။

မေး ။ ။ အဲဒီတော့ ရခိုင်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ သိပ်အရေးကြီးပါတယ်။ လူတွေရဲ့ သဘောတရားကတော့ စီးပွားတိုးတက် ချမ်းသာတဲ့ နိုင်ငံကြီးတခုက ဆင်းရဲတဲ့နိုင်ငံတခုမှာ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလာလုပ်တယ်ဆိုရင် ဒေသခံတွေက ကြီးပွားတိုးတက်လာမယ်။ အလုပ်အကိုင် ရရှိမယ်ဆိုတာကို နိုင်ငံတကာက လက်ခံထားတဲ့ဟာပါပဲ။ ဥပမာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆင်းရဲတဲ့နိုင်ငံ အထည်ချုပ်လုပ်ငန်းတွေ လာရောက်ရင်းနှီးလုပ်ကိုင်တယ်။ အများကြီး အဲဒီလိုဟာတွေ ရှိပါတယ်။ ဒါပေမဲ့ ရေနက်ဆိပ်ကမ်းကိစ္စမှာ ဒီလိုပဲ​မျှော်လင့်ခဲ့ကြတယ်။ သို့သော် ပထမပိုင်းမှာ တရုတ်ဟာ ဒေသခံတွေနဲ့ ညှိနှိုင်းခြင်း မရှိခဲ့ဘူး။ နောက်ပိုင်းမှာ လူတွေက ပြောလာတာက တရုတ်က ဒေသခံတွေနဲ့ ညှိတယ်လို့ပြောတယ်။ ဒါပေမဲ့ ဒေသခံတွေက ဘာဖြစ်လဲဆိုတော့ ရေနက်ဆိပ်ကမ်း လုပ်ဖို့အတွက် ကျောက်ဖြူက ငါးဖမ်းတဲ့လုပ်ငန်းတွေ လုပ်တယ်။ ဒေသခံတွေက ငါးမဖမ်းရတော့ဘူး။ နောက်ပြီးတော့ နယ်မြေတွေ အသိမ်းခံရတယ်။ အဲဒါအတွက်လည်း အလုံအလောက် ကျေနပ်လောက်တဲ့ လျော်ကြေးမရဘူး ထင်ပါတယ်။ နောက်တခုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနေရာမှာ ကျွမ်းကျင်မှုပညာကို ဒေသခံတွေ တတ်ကျွမ်းနေခဲ့ရမယ်။ နောက်ပြီးတော့ ပြန်ပြီးတော့ Transfer Operate လုပ်ငန်းလည်ပတ်ပြီး ပြန်လည်လွှဲပြောင်းပေးရမယ့်အခါကြတော့ ဒေသခံတွေက ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တဲ့အဆင့်မျိုး ထားရမယ်ဆိုတဲ့ စည်းကမ်းတွေ ရှိတယ် ထင်ပါတယ်။ အခုကြတော့ တရုတ်က ဘာမှ အဲဒါမျိုးလုပ်မပေးဘူး။ အခုလောလောဆယ်အထိက။ သူတို့ဆီက အလုပ်သမားတွေပဲ​ အောက်ခြေသိမ်းအထိ ခေါ်လာတယ်ဆိုတော့ ဒေသခံအလုပ်သမားတွေ အများစုက တံမြက်စည်းလှည်းတဲ့ အလုပ်လောက်ပဲ ရတယ်ဆိုတာကို ကြားသိရပါတယ်။ ဒေသခံတွေက သိပ်မကျေနပ်ကြဘူးလို့ ကြားပါတယ်။ ဒါပေမဲ့ ရေရှည်မှာကြတော့ မပြောတတ်ဘူး၊ ရင်းနှီးမြှုပ်နှံမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီး ငြိမ်းချမ်းရေး ရှိလာခဲ့အခါမှာတော့ ဘယ်လိုပြောင်းလဲလာမယ်ဆိုတာတော့ စောင့်ကြည့်ရမယ်ကိစ္စသာ ဖြစ်ပါတယ်။

မေး ။ ။ ရှမ်းမြောက်မှာကြတော့ တရုတ်က မီးစိမ်းပြပြီးတော့ မသိကျိုးကျွံ ပြုလိုက်ပါတယ်။ ရခိုင်မှာကော ဒီသဘောမျိုးလိုပဲ ယူဆနိုင်ပါသလား။

ဖြေ ။ ။ စောစောကပြောခဲ့တဲ့အတိုင်းပါပဲ အဲဒီလို တရုတ်က မသိကျိုးကျွံပြုတဲ့အထိလည်းပဲ၊ တရုတ်က ဟန့်တားရင်လည်း သူတို့က လက်ခံချင်မှ လက်ခံမှာ။ AA က လူတွေကတော့ စောစောကပြောခဲ့တဲ့အတိုင်း သူတို့က တရုတ်နဲ့ ကပ်နေတာမှ မဟုတ်ဘဲ။ သီးခြားနယ်မြေ ဖြစ်နေတော့။ နောက် ရှမ်းမြောက်က သဘောတူညီမှုရခဲ့တာလည်း ဒေသအလိုက် အကန့်အသတ် လုပ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ရှမ်းမြောက်ဒေသ ငြိမ်းချမ်းရေး၊ အပစ်ခတ်ရပ်စဲရေး လုပ်တာဖြစ်မယ်။ ရခိုင်ဒေသအတွက် အပစ်ခတ်ရပ်စဲရေး လုပ်ဖို့ဆိုတာလည်း မပါဘူးထင်ပါတယ်။ အဲဒါကို တရုတ်က သီးခြားညှိရမယ် ကိစ္စ ဖြစ်ပါလိမ့်မယ်ဆိုတော့ တရုတ်က မီးစိမ်းပြတိုင်းလည်း AA က တိုက်ချင်မှတိုက်မယ်။ တရုတ်က မီးစိမ်းမပြလည်း သူတို့က သူတို့အခြေအနေအရ တိုက်ချင်လည်းတိုက်မယ့်သဘော ဖြစ်ပါတယ်။

မေး ။ ။ တဆက်တည်း မေးချင်တာက ပလက်၀ကိစ္စပါ။ ဒီပလက်၀ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရခိုင်နဲ့ ချင်းကြားမှာ အငြင်းပွားနိုင်ပါသလား။

ဖြေ ။ ။ အဲဒါလည်းပဲ လူတချို့က ပြောနေကြတာ တွေ့ရပါတယ်။ ပလက်၀က ချင်းလူမျိုးတွေရဲ့ ဒေသ ဖြစ်တယ်။ ရခိုင်လူမျိုးတွေရဲ့ ဒေသမဟုတ်ဘူး။ အင်္ဂလိပ်ခေတ်ကလည်း မြန်မာနိုင်ငံမှာ နယ်မြေပိုင်ခြားသတ်မှတ်မှုတွေဟာ သွေးခွဲချင်လို့ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့ပါတယ်။ တကယ်တော့ အင်္ဂလိပ်တွေ လက်ထက်ကတည်းက ခွဲခြားတာဟာ အုပ်ချုပ်ရေး အဆင်ပြေဖို့အတွက် အဓိကစဉ်းစားပြီး ခွဲခြားတယ်လို့ ထင်ပါတယ်။ ရှမ်းပြည်နယ်ကို စော်ဘွားအုပ်ချုပ်ရေး ဆက်ထားတာက သူတို့အစဉ်အလာရှိခဲ့လို့ ထားခဲ့တာပေါ့။ ဒါပေမဲ့ တချို့နယ်မြေတွေကတော့ အုပ်ချုပ်ရေးအရ အဆင်ပ​ြေအောင် ထားတယ်။ လမ်းပန်းဆက်သွယ်ရေး။ ပလက်၀ကို ကြည့်မယ်ဆိုရင် ရခိုင်နဲ့ လမ်းပန်းဆက်သွယ်ရေး သိပ်အဆင်ပြေပါတယ်။ ပလက်၀ကို ကျောက်တော်ကနေသွားတာ၊ ကုလားတန်မြစ်ကြောင်း ဆန်တက်ပြီး ကျောက်တော်ကသွားတာ အဆင်ပြေဆုံးပါ။ အဲဒါကြောင့် လွတ်လပ်ရေးရပြီးကတည်းက ပလက်၀ဟာ ရခိုင်ပြည်အုပ်ချုပ်ရေးနဲ့ တဆက်တည်း ဖြစ်နေခဲ့ပါတယ်။ ကျနော့်အဖေကိုယ်တိုင်က လွတ်လပ်ရေးရပြီးတော့ ကျောင်းဆရာဘ၀နဲ့ ပလက်၀မှာ စာသင်ကျောင်း စတင်ဖွင့်ပေးခဲ့တယ်။ ထူထောင်ပေးခဲ့တယ်။ နောက် ပလက်၀ကို ရဲဘော်ဖြူတွေသိမ်းတော့ ကျောက်တော်ကို ထွက်ပြေးရတယ်ဆိုတော့ အဖေက ပြန်ပြောပြလို့ သိရပါတယ်။ ဒီအုပ်ချုပ်ရေး ဌာနအားလုံးဟာ ကျောက်တော်ကနေတဆင့် သွားနေတာ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ကျောက်တော်ကသာ အဆင်ပြေပါတယ်။ ဟိုဘက်က အလှမ်းဝေးတယ်။ ဆိုတော့ အဲဒီအတွက်သာ ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို မဆလအစိုးရလက်ထက်မှာ ပလက်၀ကို ချင်းပြည်နယ်ထဲကို ဘာကြောင့် ဘယ်သူတွေနဲ့ညှိပြီး ထည့်ပေးလိုက်လဲ​ မသိပါဘူး။ ဆိုတော့ လောလောဆယ်မှာ အငြင်းပွားမှုကတော့ လောလောဆယ်တော့ မကြားပါဘူး။ တချို့ကတော့ ပြောနေကြတယ်။ ဥပမာအားဖြင့် AA ခေါင်းဆောင်ဆိုရင် ချင်းတိုင်းရင်းသားတွေရဲ​့ မေးခွန်းတွေကို ဖြေပေးတဲ့အင်တာဗျူးတခု၊ ချင်းသတင်းဌာနတခုက အမြဲတမ်းထုတ်လွှင့်တာကို ကျနော် အမြဲတွေ့ရတယ်။ သူနဲ့ဆို ရင်းရင်းနှီးနှီးပဲ။ ဒေသခံတွေကမေးလိုက်၊ သူက ပြန်ဖြေလိုက်နဲ့ ကြားထဲမှာ ပဋိပက္ခတခုတော့ ရှိဟန် မတူပါဘူး။ နောက် AA ကလည်း လူမျိုးရေးခွဲခြား၊ ဘာသာရေး ပြင်းပြင်းထန်ထန် ခွဲခြားတဲ့စိတ်ဓါတ်တွေလည်း သိပ်မထားဘူးလို့ ထင်ပါတယ်။ ပိုပြီးအရေးကြီးတာက လောလောဆယ်မှာတော့ ချင်းတော်လှန်ရေးအင်အားစုတွေ၊ ရခိုင်တော်လှန်ရေးအင်အားစုတွေ - ဘယ်သူတွေပဲဖြစ်ဖြစ် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီအုပ်ချုပ်တာထက်စာရင် ငါတို့အချင်းချင်းထဲက တယောက်က လောလောဆယ် ထိန်းထားနိုင်တာက ပိုကောင်းတာပဲလို့ ယူဆကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် အငြင်းပွားစရာတော့ မရှိဘူး။ နောက်ပိုင်းမှာ တကယ်လို့ စစ်ကောင်စီလက်အောက်က လွှတ်မြောက်ခဲ့တယ်ဆိုရင် ဒေသအချင်းချင်း ညှိပြီးတော့၊ ဖြေရှင်းရင် ပြေလည်နိုင်မယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ လက်တလော အခြေအနေတွေကို ကြည့်ရင်တော့ ကောင်းတဲ့ဘက်ကို ဦးတည်လာတာကို မတွေ့ရသေးပါဘူး။ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ တိုက်ပွဲကတော့ ဆက်လက်ပြီးဖြစ်နေမှာပဲ။ အခုဆိုရင် ၃ နှစ်ပြည့်ပြီးတော့ အာဏာသိမ်းတာ လေးနှစ်အတွင်းကို ရောက်လာပြီ။ သုံးသပ်သူတချို့ကတော့ တိုက်ပွဲကတော့ ဖြစ်နေအုံးမှာပဲ။ ဒီလိုပဲသွားနေအုံးမယ်လို့ ပြောကြပါတယ်။ စစ်ကောင်စီ ပြုတ်ကျမယ်ဆိုတာလည်း ထင်သလောက် လွယ်လိမ့်မယ်မဟုတ်သေးဘူးလို့ ပြောနေတဲ့လူတွေလည်း အများကြီးပါပဲ။ ၁ နှစ် ၂ နှစ် ကြာအုံးမယ်လို့ တချို့ကလည်း ပြောကြတယ်။ အဲဒီလိုပြုတ်ကျပြီး ပိုပြီးတော့ ရင်မောစရာကောင်းပါတယ်။ အချင်းချင်းပြေလည်အောင် ညှိနှိုင်းနိုင်ဖို့။ အဲဒါမှသာလျှင် ငြိမ်းချမ်းမှုဆိုတာရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီက ပြုတ်ကျတယ်ထားပါတော့၊ အုပ်ချုပ်ရေး အပြောင်းအလဲဖြစ်တယ်။ ခေါင်းဆောင်အပြောင်းအလဲဖြစ်လို့ တနည်းနည်းနဲ့ ညှိနှိုင်းရတယ်။ စစ်ကောင်စီရဲ့အာဏာ တဖြည်းဖြည်းလျော့ကျသွားတယ်ဆိုတောင်မှ အချင်းချင်းညှိနှိုင်းယူရမှာတွေ အများကြီး ရှိလိမ့်အုံးမယ် ထင်ပါတယ်။ ဒီကိစ္စအတွက်တော့ နှစ်ဘက်စလုံးက သဘောထားကြီးဖို့ - နှစ်ဘက်လုံးဆိုတာ ဗမာဗဟိုအစိုးရကို ဆက်ချုပ်ကိုင်နေတဲ့ ဗမာလူမျိုးစုနဲ့ ကျန်တဲ့တိုင်းရင်းသားအင်အားစုတွေ၊ လူမျိုးစုတွေဟာ တကယ်သဟဇာတဖြစ်အောင် ညှိရပါလိမ့်မယ်။ အဲဒီလို မညှိဘဲနဲ့ ပဋိပက္ခဖြစ်မယ်၊ ကွဲလွဲမှုပြဿနာ ရှိနေမယ်ဆိုရင် စစ်အာဏာရှင်စနစ်က တမျိုးမျိုးနဲ့ ပြန်ပြီးတော့ ခေါင်းထောင်လာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလာတာလည်း ဒီတိုင်းရင်းသား ပဋိပက္ခကိုပဲ​ အကြောင်းပြပြီးတော့ သူတို့ ခွဲထွက်လိမ့်မယ်ကွ၊ အတင်းအကြောင်းပြပြီး လုပ်တာပဲဆိုတော့ ငါတို့ဆီမှာ အဲဒီသဘောတရား လုံး၀မရှိဘူး။ သဟဇာတဖြစ်တယ်ဆိုရင် စစ်တပ်အကြောင်းပြလို့မရအောင် ညီညွှတ်ပြနိုင်မှ ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ရေရှည်တော့ သွားရမယ့်ကိစ္စပါ။

မမြသဇင်အောင် ။ ။ အခုလိုဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။