ချင်းအမျိုးသားတပ်မတော် CNA နဲ့ ချင်းနယ်မြေကာကွယ်ရေးတပ် CDF တို့က အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်နဲ့ နယ်စပ်က မြန်မာတပ်စခန်းပေါ်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ဒရုန်းနဲ့ ဗုံးသုံးလုံး ကြဲချခဲ့တယ်လို့ အိန္ဒိယနယ်ခြားစောင့်တပ် သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး The Asian Age အင်တာနက်သတင်းစာမျက်နှာက ပြောလိုက်ပါတယ်။
ထန်တလန်မြို့ နားက ရွာတစ်ရွာမှာ တပ်စွဲထားခဲ့တဲ့ မြန်မာစစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဆိုပါ သတင်းအရင်းအမြစ်တွေက ပြောကြားပါတယ်။ အဲဒီနေရာဟာ အိန္ဒိယနယ်စပ်နဲ့နီးပြီး အိန္ဒိယအရှေ့ပိုင်း တပ်မတော်နဲ့ ၆ မိုင်ကနေ ၉ မိုင် အကြား ဝေးကွာလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ချင်းပြည်နယ်က မြို့နယ် ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ က ကြေညာခဲ့ပြီးတဲ့နောက် ၄၈ နာရီအတွင်းမှာ ခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ ဒရုန်း နဲ့ တိုက်ခိုက်တာကို ပထမဆုံး မြင်ရတာ ဖြစ်တယ်လို့ အိန္ဒိယ စစ်တပ် သတင်းအရင်းအမြစ်တွေက The Asian Age အင်တာနက် သတင်းကို ပြောပါတယ်။ ကမ္ဘာရဲ့ အခြားနေရာတွေမှာ ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေရှိပေမယ့် ခုလိုနည်းပညာကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ဘယ်လိုရရှိခဲ့ကြသလဲဆိုတာကို အိန္ဒိယစစ်တပ်က စိတ်ဝင်စားနေတယ်လို့ သတင်းက ဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ရှိရာ ဝိတိုရိယစခန်းကို ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို၊ ဝိတိုရိယစခန်းနဲ့ ဖလမ်းမြို့နယ်အစပ်ကို နောက်တနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်းလောက်မှာ မြန်မာစစ်ကောင်စီက လေကြောင်းကနေ ၃ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့အတွက် အဆောက်အဦး အတော်များများ ပျက်ဆီးသွားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အဲဒီလေကြောင်း တိုက်ခိုက်မှုတွေအတွင်း အိန္ဒိယနိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့အပြင် အိန္ဒိယဘက်အခြမ်း၊ မီဇိုးရမ်းပြည်နယ်အတွင်းမှာ ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့် အိန္ဒိယဘက်အခြမ်းကို ကျည် ကျရောက်ခဲ့ခြင်းမရှိဘူးလို့ မီဇိုးရမ်းအစိုးရက ပြောပါတယ်။
Your browser doesn’t support HTML5
[Unicode]