{{Zawgyi/Unicode}}
လာမယ့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရမ့်ဟာ ရီပါဘလီကန်ပါတီရဲ့ သမ္မတလောင်း မဖြစ်နိုင်ဘူးလို့ ထိပ်တန်း ရီပါဘလီကန် အုပ်ချုပ်ရေးမှူးတယောက်က ဟောကိန်းထုတ်လိုက်ပါတယ်။
New Hampshire ပြည်နယ် အုပ်ချုပ်ရေးမှူး Chris Sununu က NBC ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ခုလို ပြောလိုက်တာပါ။
“သူ ဝင်ပြိုင်မှာ သိသာပါတယ်။ ဒါပေမဲ့ ပါတီအဆိုပြုသမ္မတလောင်း ဖြစ်လာမှာတော့မဟုတ်ပါဘူး။” လို့ သူက ပြောသွားတာပါ။ ပါတီစွဲမရှိတဲ့မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် နောက်မျိုးဆက် ခေါင်းဆောင်တွေက ခေါင်းဆောင်မှုကိုရယူဖို့လိုတယ်လို့ သူကဆိုပါတယ်။
ရီပါလီကန်ပါတီဝင်တချို့ဟာ စနေနေ့က နေရာ ၂ နေရာမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဝါရှင်တန်အနီးမှာ CPAC လို့ အတိုသိကြတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှုညီလာခံကို တချို့ကတက်ရောက်ခဲ့ကြပြီး တချို့ ကတော့ ဖလော်ရီဒါပြည်နယ် Club for Growth က ကြီးမှူးကျင်းပတဲ့ တံခါးပိတ်အစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ အစည်းအဝေးက ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ကို ထောက်ခံသူတွေကလုပ်တဲ့ အစည်းအဝေးဖြစ်ပါတယ်။ CPAC ညီလာခံတက်ရောက်သူတွေရဲ့ ၆၂ ရာနှုန်းကတော့ သမ္မတဟောင်းထရမ့်ကို ထောက်ခံကြပြီး Ron DeSantis ကို ၂၀ ရာနှုန်းက ထောက်ခံမယ်လို့ ဆိုပါတယ်။
Your browser doesn’t support HTML5
=============
{{Unicode}}