ထရမ့်အိမ်က သိမ်းသွားတဲ့ မှတ်တမ်းတွေ စိစစ်မယ့် အထူးအရာရှိခန့်အပ်ဖို့ တရားသူကြီးခွင့်ပြု
{{Zawgyi/Unicode}}
အမေရိကန် သမ္မတဟောင်း Donald Trump ရဲ့ ဖလော်ရီဒါပြည်နယ် Mar-a- Lago အပန်းဖြေစံအိမ်ကနေ သိမ်းဆည်းသွားခဲ့တဲ့ ထောင်နဲ့ချီတဲ့ အထောက်အထားတွေထဲက တချို့ကို ပြန်ပေးသင့်မသင့် စီစစ်ဖို့ လွတ်လပ်တဲ့ အထူးစစ်ဆေးရေး အရာရှိခန့်အပ်ရေး သမတဟောင်းရဲ့ တောင်းဆိုချက်ကို ပြည်ထောင်စု တရားသူကြီးတဦးက ခွင့်ပြုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က သိမ်းဆည်းခဲ့တဲ့ အထူးကန့်သတ် အဆင့်အတန်း မှတ်တမ်း အထောက်အထားတွေကို တရားရေးဌာနက စိစစ်ပြီးဖြစ်တာကြောင့် အထူးစစ်ရေးရေး အရာရှိတဦးကို တာဝန်ပေးစရာ မလိုကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တရားရေးဌာနက ကန့်ကွက်ထားပေမဲ့ ဖလော်ရီဒါပြည်နယ်က ခရိုင်တရားသူကြီး Aileen Cannon တနင်္လာနေ့မှာ ခွင့်ပြုလိုက်တာပါ။
FBI က သိမ်းဆည်းခဲ့တဲ့ အထောက်အထားမှတ်တမ်း ၁ ၁ဝဝ ထဲက ၅၀၀ လောက်ဟာ သမ္မတဟောင်းထရန့် သိမ်းဆည်းထားခွင့်ရှိတဲ့ စာရွက်စာတမ်းတွေဖြစ်ပြီး၊ ပြန်ပေးဖို့လိုကောင်းလိုနိုင်ကြောင်း တရားရေးဌာန ကပြောဆိုထားပါတယ်။ တရားသူကြီးကတော့ သိမ်းဆည်းသွားတဲ့ အထဲမှာ ကျန်းမာရေးဆိုင်ရာမှတ်တမ်းတွေ၊ စာရင်းအင်းမှတ်တမ်းတွေနဲ့ အခွန်အခ ဆိုင်ရာစာရွက်စာတမ်းတွေ ပါဝင်ကြောင်း ပြောပါတယ်။
လွတ်လပ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖြစ် တာဝန်ပေးဖို့ လျာထားသူတွေရဲ့ အမည်စာရင်းကို သောကြာနေ့ နောက်ဆုံးထား တင်သွင်းဖို့ တရားလိုဖြစ်တဲ့ တရားရေးဌာနနဲ့ ထရန့်ရဲ့ အကျိုးဆောင် ရှေ့နေတွေကိုပါ တရားသူကြီးက ညွှန်ကြားထားပါတယ်။ အထူးစုံစမ်းရေးအရာရှိ ခန့်အပ်တဲ့ကိစ္စ မပြီးခင်မှာ တရားရေးဌာနက သမ္မတဟောင်းအပေါ် ရာဇဝတ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးနေတဲ့ လုပ်ငန်းတွေကို ဆိုင်းငံ့ထားဖို့လည်း တရားသူကြီးက အမိန့်ချမှတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်က သမ္မတတာဝန် သက်တမ်း ကုန်ဆုံးချိန်မှာ ဥပဒေအရ အမျိုးသားမှတ်တမ်းဌာနကို အပ်နှံရမယ့် ထိပ်တန်းလျို့ဝှက် မှတ်တမ်းတွေ ဖလော်ရီဒါအိမ်မှာ ရောက်နေတယ်ဆိုပြီး တရားရေးဌာနက စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
..............................................................
{{Zawgyi/Unicode}}