[[Zawgyi/Unicode]]
မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ဖွယ်ရှိပြီး ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားကြသူများ အပါအဝင် ချမှတ်ထားတဲ့ ကြိုးမိန့်တွေကို ရပ်လိုက်ဖို့ လူ့အခွင့်အရေဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက အင်္ဂါနေ့က တိုက်တွန်းလိုက်ပါတယ်။
“ဒီလို နောက်ပြန်ဆုတ်သွားတဲ့ ခြေလှမ်းမျိုးကိုမလှမ်းဖို့ စစ်အာဏာပိုင်တွေ ကို ကျွန်မ အရေးပေါ် တောင်းဆိုချင်ပါတယ်။” လို့ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးဂျင်မီ ခေါ် ဦးကျော်မင်းယုတို့ကို ရည်ညွှန်းပြီး လူ့အခွင့်အရေး ကောင်စီညီလာခံမှာ ပြောသွားခဲ့တာပါ။ စစ်ကောင်စီက ပြည်သူလူထုရဲ့ဆန့်ကျင်မှုကို ဖိနှိပ်ချေမှုန်းခဲ့ရာမှာ လူဒါဇင်များစွာကို သေဒဏ် အပြစ်ပေးခဲ့ပါတယ်။
တရားရုံး ဆုံးဖြတ်ချက် ကြိုးမိန့်တွေကို ၁၉၉၀ ကတည်းက အကောင်အထည် မဖော်ဘဲ ရပ်ထားခဲ့တာပါ။ တကယ်လို့ ဆက်လက် အကောင်အထည်ဖော်မယ်ဆိုရင် စစ်ကောင်စီဟာ အသက်ရှင်ပိုင်ခွင့် အခွင့်အရေးကို ချိုးဖောက်ရာ ရောက်လိမ့် မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြောပါတယ်။
မြန်မာ ပြည်သူတွေအပေါ် ရက်စက် ကြမ်းကြုတ်စွာ အကြမ်းဖက်ခဲ့သူတွေ တာဝန်ခံလာစေရေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ကြဖို့ မဟာမင်းကြီး ရဲ့ ဆောင်သြချက်ကို အမေရိကန်က ထောက်ခံပါကြောင်း အမေရိကန် သံအမတ်ကြီး Michèle Taylor ကလည်း လူ့အခွင့်အရေး ကောင်စီမှာ ပြောခဲ့ပါတယ်။ လက်နက်နဲ့ စစ်ရေးကိစ္စတွေမှာပါ အသုံးပြုနိုင်တဲ့ နည်းပညာတွေ မြန်မာ စစ်တပ်ကို ရောင်းချတာ ပိတ်ပင်ဖို့လိုအပ်တယ်လို့လည်း သူက ပြောသွားကြောင်း ရန်ကုန် အမေရိကန် သံရုံးရဲ့ တွစ်တာ လူမှုစာမျက်နှာမှာ တင်ထားပါတယ်။
Your browser doesn’t support HTML5
==============
[[Unicode]]
==============