နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် Czech ဝန်ကြီးချုပ်နဲ့ ဆွေးနွေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Czech ဝန်ကြီးချုပ် Andrej Babiš နဲ့ တွေ့ဆုံ (သတင်းဓါတ်ပုံ - MOI Webportal Myanmar)

Czech သမ္မတနိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ Czech ဝန်ကြီးချုပ် Andrej Babiš နဲ့ ဒီကနေ့ တေ့ွဆုံ ဆွေးနွေးပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး၊ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုအပါအဝင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်း ပျံသန်းပြေးဆွဲနိုင်ဖို့ အလားအလာ အပါအဝင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

လူ့အခွင့်အရေးနဲ့ မြန်မာနိုင်ငံမှာ Czech နိုင်ငံရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ဆိုင်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ Czech နိုင်ငံက လာတဲ့သတင်းတွေမှာလည်း ဖော်ပြပါတယ်။

အင်္ဂါနေ့ကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Czech နိုင်ငံခြားရေးဝန်ကြီး Tomáš Petříček၊ သမ္မတ Miloš Zeman တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဇွန်လ ၄ ရက်နေ့မှာကျင်းပမယ့် Czech-Myanmar စီးပွားရေးဆွေးနွေးပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ ဒီညီလာခံကို Czech နဲ့ မြန်မာစီးပွားရေး ခေါင်းဆောင်တွေ တက်ရောက်ကြမယ့်လို့ ခန့်မှန်းရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Czech ဝန်ကြီးချုပ် Andrej Babiš နဲ့ တွေ့ဆုံ (သတင်းဓါတ်ပုံ - MOI Webportal Myanmar)

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်တို့လည်း လိုက်ပါသွားကြပါတယ်။

Czech ဝန်ကြီးချုပ် Andrej Babiš ရဲ့ဖိတ်ကြားချက်နဲ့ Czech နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်နေတာ ဖြစ်ပါတယ်။ ၂၀၁၇ အောက်တိုဘာလမှာ သွားရောက်ဖို့ မူလက စီစဉ်ထားပေမဲ့ အဲဒီအချိန်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြဿနာဖြစ်လာတာကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ Czech ခရီးစဉ်ပြီးရင် ဇွန်လ ၅ ရက်နဲ့ ၆ ရက်မှာ ဟန်ဂေရီနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

Czech နဲ့ ဟန်ဂေရီ နှစ်နိုင်ငံလုံးကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတုန်းက NLD ပါတီခေါင်းဆောင်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် Czech ဝန်ကြီးချုပ်နဲ့ ဆွေးနွေး