သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Czech ခေါင်းဆောင်တွေနဲ့ ဒေါ်စုတွေ့ဆုံမည်


ချက်သမ္မတနိုင်ငံ ကို နိုင်ငံတော်သမ္မတရောက်နေ (Myanmar State Counsellor Office)
ချက်သမ္မတနိုင်ငံ ကို နိုင်ငံတော်သမ္မတရောက်နေ (Myanmar State Counsellor Office)

ချက်သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တနင်္လာနေ့မှာ ချက် သမ္မတ၊ ဝန်ကြီးချုပ်တို့အပြင် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရမှာလည်း တာဝန်ရှိကြောင်း အနောက်နိုင်ငံတွေရဲ့ ဝေဖန်ကန့်ကွက်မှု ခံနေရချိန် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံကို သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အပေါ် သုံးသပ်ချက် တချို့ကို မအင်ကြင်းနိုင်က ဆက်လက် တင်ပြမှာပါ။

ချက် ဝန်ကြီးချုပ် Andrej Babis (ANO) အန်ဒရီး ဘားဘီးစ် ရဲ့ ဖိတ်ကြားချက်အရ လေးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် စနေနေ့ကတည်းက ချက်သမ္မတနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တနင်္လာနေ့မှာ ဝန်ကြီးချုပ် Andrej Babis နဲ့ နိုင်ငံခြားရေးဝန်ကြီး Toams Petricek တို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စ ဆွေးနွေးဖို့ရှိပါတယ်။

ဒါအပြင် သမ္မတ Milos Zeman ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံမှာပါ။ အင်္ဂါနေ့မှာတော့ မြို့တော် Prague မှာ ပြုလုပ်မယ့် စီးပွားရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ အဲဒီနောက်မှာ ဟန်ဂေရီနိုင်ငံကို အလုပ်သဘောခရီးစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ချက် နဲ့ ဟန်ဂေရီ နိုင်ငံတွေကို သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ်အတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကြားထဲမှာ သဘောထား အမြင် ကွဲပြားနေတာတွေ့ရတယ်လို့ ဂျာမနီ နိုင်ငံ ဘာလင်တက္ကသိုလ် အငြိမ်းစားကထိကဟောင်း ဦးခင်မောင်စော ကဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီ ဥရောပသမဂ္ဂ ထဲမှာ အတွင်းပိုင်းအကွဲအပြဲတွေရှိနေတယ် ။ အထူးသဖြင့် ချက်နိုင်ငံ slovakia နိုင်ငံ ၊ ဟန်ဂေရီ၊ ပိုလန်အဲဒါတွေက ဥရောပတိုက်ထဲကို အရှေ့အလယ်ပိုင်းကလူတွေ ဝင်ရောက်လာတာကို မကြိုက်ဘူး အဲဒါကို သူတို့ သဘောမတူတဲ့ အုပ်စုတွေထဲမှာ ပါတယ်။ အဲဒါတွေကို ထောက်ကြည့်ချင်းအားဖြင့် ဥရောပသမဂ္ဂ ထဲမှာ အတွင်းပိုင်း အကွဲအပြဲတွေရှိတယ် ။ ရှိပြီး အပေါ်ပိုင်းကလုပ်နေတဲ့ မူတွေကို လက်မခံတဲ့ နိုင်ငံတွေလည်း ရှိတယ်။ ရှိတော့ မြန်မာပြည်ကို လုပ်နေတာက ဒီ ဥရောပသမဂ္ဂ ထိပ်ပိုင်းက ဂျာမနီတို့ ပြင်သစ်တို့ အင်္ဂလန်တို့က ပြဿနာဖော်နေတာကို ၊ ဟိုဘက်က ပြဿနာ မဖော်တာက ချက်တို့ ပိုလန်တို့၊ ဟန်ဂေရီတို့ Austria တောင်ပါနိုင်တယ် ။ အဲဒါတွေက ပြဿနာ မဖော်ဘူး မဖော်တော့ အဲဒီလူတွေက အဲဒါကြောင့်မို့ မြန်မာပြည်က ဒေါ်စုကို ဖိတ်ပြီး မြန်မာပြည်က ဒေါ်စုကလည်း သွားတာဖြစ်နိုင်တယ်လို့ ကျနော်ထင်တယ်။”

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ပဋိပက္ခမှာ ရိုဟင်ဂျာမွတ်စလင်တွေ သိန်းနဲ့ချီ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ စစ်တပ်ရဲ့ အင်အားသုံးနယ်မြေရှင်းလင်းမှုကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကန့်ကွက်ရှုတ်ချဖို့ နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးတာကို လက်မခံ ငြင်းပယ်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံအများစုရဲ့ အပြင်းအထန် ဝေဖန်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် အခု ချက်နဲ့ ဟန်ဂေရီ ခရီးစဉ်တွေမှာ မြန်မာနိုင်ငံတွင်း အခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကိုယ်တိုင်ရှင်းပြခွင့်ရမှာဖြစ်သလို၊ စီးပွားရေးအခွင့်အလမ်းတွေလည်း ပိုပြီးရလာမယ်လို့ မြင်ကြောင်း ဦးခင်မောင်စောက ဆိုပါတယ်။

“ အခုဒေါ်စု ဒီနိုင်ငံတွေကို သွားတာကတော့ မြန်မာပြည်အတွက်ကတော့ ကောင်းကျိုးနဲ့ ဆိုးကျိုးနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ပိုပြီးကောင်းကျိုးဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ တကယ်လို့ သူတို့ဘက်ကနေ အဲဒီကိစ္စတွေမေးရင် ကိုယ်ကရှင်းပြပေါ့ သူတို့ EU ထဲမှာပဲ ဆိုတော့ ကိုယ့်ရဲ့အယူကိုလည်း မြင်လာတဲ့နိုင်ငံတွေရှိဦးမှာပေါ့လေ။ အခု သူတို့မေးရင်းလည်း မေးပါစေပေါ့ သူတို့ဖြေရှင်းမှာပဲလေ၊ ဖြေရှင်းရင် ပိုကောင်းသွားတာပေါ့။”

ချက်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်ကြည့်မယ်ဆိုရင် စစ်အစိုးရလက်ထက် နေအိမ် အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းရာမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ချက်သမ္မတဟောင်း ဗားကလပ် ဟားဗဲလ်က ထောက်ခံပေးခဲ့သူတဦးဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကိုလည်း ချက်နိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာ အဓိက ထောက်ခံခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ တက်လာချိန်မှာလည်း ချက်နိုင်ငံက စီးပွားရေးဆိုင်ရာ သံတမန်ဆက်ဆံရေးကနေတဆင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကို ကူညီပံ့ပိုးပေးနေတာဖြစ်ပါတယ်။

မတ်လ အစောပိုင်းက မြန်မာနိုင်ငံလာရောက်ခဲ့တဲ့ ချက်နိုင်ငံခြားရေးဝန်ကြီး Toams Petricek ကလည်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ လက်ရှိ ချက်သမ္မတနိုင်ငံကို မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်ပို့ရောင်းချမှုဟာ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း (၈၀) နီးပါးရှိကြောင်း နဲ့ အဓိက အထည်အလိပ်၊ အစားအသောက်နဲ့ ကုန်ကြမ်းပစ္စည်း တချို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ချက်နိုင်ငံက မြန်မာနိုင်ငံကို တင်သွင်းတဲ့ ကုန်ပစ္စည်းပမာဏထက် မြန်မာက ချက်ကို တင်သွင်းတဲ့ ကုန်ပစ္စည်းက ပိုများတယ်လို့လည်း ဆိုပါတယ်။ ဒါအပြင် ဆေးဝါးပစ္စည်း ထုတ်လုပ်ရေးနဲ့ အင်ဂျင်နီယာ လုပ်ငန်းတွေမှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ချက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ချက်နိုင်ငံခရီးစဉ်အတွင်း Prague မြို့မှာ အင်္ဂါနေ့မှာ ပြုလုပ်မယ့် စီးပွားရေးညီလာခံကို တက်ရောက် မိန့်ခွန်းပြောရာမှာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုလာလုပ်ဖို့ ဖိတ်ခေါ်မှုနဲကအတူ စီးပွားဆိုင်ရာ ကိစ္စရပ်တွေကို ဦးစားပေးပြောဆိုလိမ့်မယ်လို့ မျှော်ငလ့င်ရပါတယ်။ ချက်နဲ့ ဟန်ဂေရီ နိုင်ငံခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ လိုက်ပါသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG