ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက ပယင်းလုပ်ကွက် ဧက ၇၀၀၀ လောက်မှာ ဒေသခံတွေ တနိုင်တပိုင်တူးဖော်ဖို့ ပြည်နယ်အစိုးရ ခွင့်ပြုချက်နဲ့ လုပ်ခွင့်ချပေးတော့မှာပါ။ အရင် ဒီနေရာတွေဟာ KIA ထိန်းချုပ်မှုအောက်မှာရှိခဲ့ပြီး ပယင်းတူးဖော်မှုတွေ ရှိခဲ့ပေမယ့် အခု အစိုးရတပ် ထိန်းချုပ်မှု အောက်ရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အစိုးရ လုပ်ငန်းလုပ်ကိုင်ခွင့်တွေ ချပေးဖို့ဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။
ပယင်းအများဆုံးထွက်တဲ့ ကချင်၊ တနိုင်းဒေသမှာ ပယင်းလက်လုပ်လက်စား လုပ်ကွက်တွေကို ပြန်လုပ်ကိုင်ခွင့်ပေးဖို့ ဒေသခံတွေက ပြည်ထောင်စု အစိုးရကို တောင်းဆိုထားလို့ မကြာခင်ရက်ပိုင်းအတွင်း လုပ်ကွက်ဧကပေါင်း ၇၀၀၀ နီးပါးကို ပြည်နယ်အစိုးရက ပြန်ချပေးတော့မှာပါ။ ဒါနဲ့ပတ်သက်လို့ မနက်ဖြန် (ဇူလိုင် ၃ရက်)မှာ အစည်းဝေးရှိပြီး အသေးစိတ်ကိုမကြာခင်ထုတ်ပြန်မယ်လို့ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ဗွီအိုအေကိုပြောပါတယ်။
“ဟုတ်ကဲ့ ကျနော်တို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး လုပ်ပြီးရင်တော့ အဲဒါလေးကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ မနက်ဖြန်ဆိုရင် ကျနော်တို့ အစည်းအဝေးလုပ်ဖို့ ဖိတ်ထားတယ် ပြည်နယ် လုပ်ကွက်ချထားပေးရေး အဖွဲ့က။”
ပြည်နယ်အစိုးရအစည်းအဝေးပြီးတာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ကို အကွက်ရိုက်မြေတိုင်းဖို့အတွက် တာဝန်ပေးသွားမှာပါ။ ပယင်းလုပ်ကွက်တွေက ကျောက်စိမ်းတူးသလို စက်ယန္တာယားကို သုံးလို့မရဘဲ လူအင်အားနဲ့တူးရတာပါ။ ပယင်းလုပ်ကွက်တွေချပေးရင်လည်း မှန်ကန်မှုရှိအောင် သန်းခေါင်စာရင်းရှိတဲ့ ဒေသခံတွေကိုပဲ ချပေးမျှော်လင့်ကြောင်း တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောပါတယ်။
“ ကျနော်ကတော့ ဒီဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးဖို့အတွက် လွှတ်တော်မှာ မေးခွန်းလည်းမေးခဲ့တယ်။ နောက်ပြီးသမ္မတကြီး ဆီလည်း မေတ္တာရပ်ခံစာတင်ခဲ့တယ်ပေါ့။ အကောင်အထည်ဖော်လာမယ်ကြားတော့ ဝမ်းသာတာပေါ့။ နောက်တခုကဒေသခံတွေ တချို့က မသိတော့ စိုးရိမ်တယ်ပေါ့။ ကျနော့်အမြင်ဆိုရင် လက်လုပ်လက်စား လျှောက်တဲ့အချိန်မှာ အိမ်ထောင်စုပုံစံ(၁၀)ပေါ့ အဲဒါကိုတွဲပြီး တင်ရမယ်ဆိုရင် ဒေသခံတွေအတွက်ပါ အကျိုးစီးပွားအများကြီးရှိလာနိုင်မယ်ပေါ့။”
ကချင်ပြည်နယ် တနိုင်းမြို့က ပယင်းထွက်ရှိတဲ့နေရာအများစုဟာ KIA ထိန်းချုပ်နယ်မြေဖြစ်ခဲ့ပြီး တိုက်ပွဲတွေကြောင့်နယ်မြေ မလုံခြုံလို့ ၂၀၁၈ အစပိုင်းကစပြီး ပိတ်ထားခဲ့တာပါ။ အခုတော့ တပ်မတော်က နယ်မြေထိန်းချုပ်ထားပြီး ဒေသခံတွေက တနိုင်တပိုင်တူးဖော်ခွင့်ရဖို့ တောင်းဆိုနေတာပါ။
၂၀၁၈ ခုနှစ်ထဲ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေကို လေ့လာခဲ့တဲ့အစီရင်ခံစာမှာ ဦးပိုင်လိမိတက်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ကုမ္ပဏီတွေက ကချင်နဲ့ရှမ်းမှာရှိတဲ့ ကျောက်စိမ်း၊ ပယင်း၊ ရွှေနဲ့ ကျောက်မီးသွေးကို အစစ်အဆေးမဲ့ထုတ်ယူကြတယ်လို့ ဖော်ပြထားပါတယ်။ ကျောက်စိမ်းတူးဖော်ရေးမှာ ကချင်လက်နက်ကိုင် KIA လည်း ပတ်သက်နေတယ်လို့ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5