{{Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေအတွက် ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
“လွန်ခဲ့တဲ့ ၆ လအတွင်း သတင်းသမား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ ၄၆ ယောက်ဟာလည်း ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်းတွေ ရရှိထားပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်တွေကို လေးစားဖို့နဲ့ သတင်းသမားတွေ အရေးယူခံရမှာ စိုးရိမ်စရာ မလိုဘဲ သတင်းတင်ပြခွင့်ပြုဖို့လည်း ကုလသမဂ္ဂ ဌာနေရုံးက တောင်းဆိုထားပါတယ်။ ဒီလို အခြေခံအခွင့်အရေးတွေဟာ COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ ပိုပြီးတော့တောင် အရေးကြီးပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Farhan Haq က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေထဲမှာ ထောင်ဒဏ်အပြစ်ပေး ခံခဲ့ရသူတချို့ ရှိသလို၊ ပြန်လွှတ်ပေးခဲ့သူတွေလည်း ရှိပါတယ်။ ဖမ်းဆီးခံသူတွေထဲက မြန်မာသတင်းသမား တချို့ကို ပြန်လွှတ်ပေးခဲ့သလို၊ ကမာရွတ်မီဒီယာက အမေရိကန် နိုင်ငံသား ကိုနေသန်မောင်၊ ဂျပန်သတင်းထောက် Yuki Kitazumi တို့ကိုလည်း ပြန်လွှတ်ပေးခဲ့တာပါ။
ဒါပေမဲ့လည်း Frontier Myanmar သတင်းဌာနက အယ်ဒီတာတဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမေရိကန်နိုင်ငံသား Danny Fenster အပါအဝင် သတင်းသမား အများအပြားကို ဆက်လက် ဖမ်းဆီးခံထားတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
.........................................
Your browser doesn’t support HTML5
{{Unicode}}