ဘင်္ဂလားအော်မုန်တိုင်းကြောင့် စစ်ပြေးဒုက္ခသည်တွေ ရှိတဲ့ စစ်ကိုင်းနဲ့ ချင်းမှာ အခါမဲ့မိုးရွာနိုင်

မုန်တိုင်းသတိပေးချက် (မိုးလေဝသ နဲ့ ဇလဗေဒဌာန)

{{Zawgyi/Unicode}}

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကိုရောက်နိုင်တဲ့အတွက် မြန်မာနိုင်ငံမှာ အချိန်အခါ မဟုတ်မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနတာဝန်ရှိသူက ဗီအိုအေကိုပြောပါတယ်။ မုန်တိုင်းအရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့ထဲမှာ စစ်ဘေးဒုက္ခသည်တွေ အများအပြားရှိတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့လည်းပါဝင်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီဇင်ဘာ ၂ ရက်ညပိုင်းမှာ မုန်တိုင်းငယ်အဆင့်ကနေ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ထိ ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

မုန်တိုင်းလမ်းကြောင်းဟာ မြန်မာနိုင်ငံကို ဦးတည်ရွေ့လျားနေတာ မဟုတ်ပေမယ့် မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံနေရာအချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး ပင်လယ်ပြင်မှာ မိုးသက်လေပြင်း ကျရောက်နိုင်တယ်လို့ မိုးဇလ တာဝန်ရှိသူတဦးက ဗီအိုအေကို အခုလိုပြောပါတယ်။

“ဒီညနေ ဒါမှမဟုတ် ညမှာတော့ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်ပေါ့။ မုန်တိုင်းငယ်အနေနဲ့တင် ရပ်မနေဘူး နည်းနည်းလည်း အားကောင်းလာနိုင်တယ်ပေါ့။ ဆိုင်ကလုန်းမုန်တိုင်းပေါ့လေ။ ဆိုင်ကလုန်းမုန်တိုင်း အမည်ပေးတဲ့ အဆင့်တော့ ဖြစ်သွားတာပေါ့နော်။ အဲ့အထိလည်း ရောက်နိုင်တယ်လို့ နည်းနည်းတော့ ခန့်မှန်းထားတာပေါ့နော်။ အဲ့ဒါဖြစ်နိုင်တာက ၃ ရက်နေ့လောက်ပေါ့နော်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ၊ ချင်းတို့ ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့ ကချင်ပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ အဲ့ဘက်တွေမှာ အချိန်အခါမဟုတ် မိုးရွာတာတွေဖြစ်လာနိုင်တယ်။ သို့သော် ပင်လယ်ပြင်မှာက အထူးသတိထားဖို့လိုတယ်။ ဘာလို့ဆိုတော့ ဆောင်းတွင်းမုန်တိုင်းက ကျွန်တော်တို့ မြန်မာနိုင်ငံကို မိုးသိပ်မပေးပေမယ့်လို့ လက်ရှိ လမ်းကြောင်း အနေအထားအရ အများကြီး Impact မဖြစ်ပေမယ့် မုန်တိုင်းဖြစ်နေတဲ့အချိန်မှာတော့ လှိုင်းလေထန်တာတွေရှိတယ်။ နောက် ကမ်းရိုးတန်း ကမ်းနီးကမ်းဝေးမှာ သတိထားဖို့လိုတယ်။ ဆိုင်ကလုန်းမုန်တိုင်းဆိုတော့ လေတိုက်နှုန်းကလည်း များလာတာပေါ့လေ။”

မုန်တိုင်း အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့ထဲမှာ စစ်ဘေးဒုက္ခသည်တွေ အများအပြား တိမ်းရှောင်နေရတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့ ပါဝင်နေပါတယ်။ လက်ရှိ စစ်ဘေးရှောင် အများစုရှိတဲ့ စစ်ကိုင်းတိုင်းထဲ စစ်ဘေးဒုက္ခသည်တွေကတော့ သဘာဝဘေးထက် စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကိုသာ ပိုပြီး စိုးရိမ်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

“အခုချိန်မှာ မိုးရွာတာ မရွာတာထက် အသက်ဘေးလွတ်ဖို့ အရေးကြီးတယ်ဆိုတာမျိုးပဲရှိတယ်။ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ချမှာလား ဒါမျိုးသတင်းတွေ ခဏခဏကြားရတယ်။ ဒီသတင်းတွေပဲ နားစွင့်တယ်။ ဒီသတင်းပဲ တယောက်နဲ့ တယောက်မေးတယ်။ ကျန်တဲ့မိုးလေဝသသတင်းတွေဘာတွေက ကျွန်တော်တို့ သတင်းရယူ တာမျိုးလည်း မရှိဘူး။ စစ်ကောင်စီ စစ်ကြောင်းတွေ ဘယ်ရောက်သွားပြီ ဘယ်ရွာကို ဘာလုပ်သွားတယ်။ ဘယ်လမ်းကြောင်းကို ရွေ့နေတယ်။ ဘယ်ကို ဦးတည်နေတယ်။ ဒါပဲကျွန်တော်တို့ စိတ်ဝင်စားတယ်။ ဒါပဲ သတင်းရယူတယ်။ ကျန်တဲ့ မိုးလေဝသတွေဘာတွေ စိတ်မဝင်စားနိုင်ဘူးဖြစ်နေတယ် အခုအခြေအနေ ကျွန်တော်တို့ ပြည်သူလူထု အများစုကတော့။ အေးအေးချမ်းချမ်းရှိနေတယ်ဆိုရင်တော့ လုပ်ငန်းကိုင်ငန်း မိုးလေဝသကို စိတ်ဝင်စားနိုင်တာပေါ့။ Tv Channel တွေကနေတဆင့် ကြည့်လို့ရမယ်။ ဒါတွေကနေ ကြည့်လို့ရမယ်။ အခုကလည်း ပြေးနေရတာဆိုတော့ ဘယ်ကိုပြေးရမလဲ ဘယ်ကို ရှောင်တိမ်းရမလဲ ဒါကိုပဲ ကြည့်ဖြစ်တယ်။ မိုးလေဝသကို သိပ်ပြီးတော့ ဂရုမစိုက်ဖြစ်ဘူး။”

စစ်ဘေးရှောင်နေရသူ အများစုဟာ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ပုန်းခိုနေရတာဖြစ်တဲ့အတွက် အင်တာနက်လိုင်းလည်း သိပ်မမိကြဘူးလို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ဘက်နေရာတချို့မှာ တယ်လီဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတဲ့အတွက် မိုးလေဝသသတင်းတွေ သိရှိနိုင်ဖို့ မလွယ်တဲ့ အခြေအနေဖြစ်နေပါတယ်။

...........................................

Your browser doesn’t support HTML5

ဘင်္ဂလားအော်မုန်တိုင်းကြောင့် စစ်ပြေးဒုက္ခသည်တွေ ရှိတဲ့ စစ်ကိုင်းနဲ့ ချင်းမှာ အခါမဲ့မိုးရွာနိုင်

{{Unicode}}






