မြန်မာ၊ ဘင်္ဂလားဒေ့ရှ နဲ့ ရိုဟင်ဂျာ

Your browser doesn’t support HTML5

မြန်မာ၊ ဘင်္ဂလားဒေ့ရှ နဲ့ ရိုဟင်ဂျာ


လွန်ခဲ့တဲ့ အနှစ် (၄၀) နီးပါးဖြစ်တဲ့ ၁၉၇၈ နွေရာသီ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မှတ်ပုံတင် စစ်ဆေးတဲ့အခါ ကြောက်လန့်ပြီး ဘင်္ဂလီရိုဟင်ဂျာ နှစ်သိန်းလောက် ဘင်္ဂလားဒေ့ရှနိုင်ငံထဲ ဝင်ရောက်ခိုလှုံကြပါတယ်။ ခိုလှုံဦးရေ များလွန်တဲ့အတွက် အတော်လေး အုတ်အောင်သောင်းတင်း ဖြစ်သွားပါတယ်။ အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် ဒါကာ ကို သွားပြီး ရိုဟင်ဂျာ ပြန်ခေါ်ရေး သဘောတူချက်ကို လက်မှတ်ထိုးပါတယ်။ အဲဒီတုန်းကလည်း ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေဟာ ဘင်္ဂလီရိုဟင်ဂျာ ပြန်လည်နေရာချထားရေးမှာ ဝိုင်းပြီးအကူအညီပေးကြပါတယ်။

အဲဒီတုန်းက ဘင်္ဂလီရိုဟင်ဂျာကိစ္စဟာ ဘင်္ဂလားဒေ့ရှ-မြန်မာ (၂) နိုင်ငံ လူဝင်မှုပြဿနာအဆင့်ပဲ ရှိပါတယ်။ စစ်အစိုးရ ဖိနှိပ်ချိန်မှာ ရိုဟင်ဂျာ လက်နက်ကိုင်လှုပ်ရှားမှု ပြန်လည်ပေါ်ထွက်လာပြီး အစိုးရနဲ့ ထိပ်တိုက်တွေ့ကြပါတယ်။ အစိုးရတပ်ရဲ့ တန်ပြန်စစ်ဆင်ရေးကြောင့် ဘင်္ဂလီရိုဟင်ဂျာ အများအပြား ဘင်္ဂလားဒေ့ရှမှာ ခိုလှုံကြပြန်ပါတယ်။ မလေးရှားနဲ့ အရှေ့အလယ်ပိုင်းဒေသအထိ ရောက်သွားသူတွေလည်း ရှိပါတယ်။ ကိုးကွယ်တဲ့ဘာသာနဲ့ ယဉ်ကျေးမှု တူပေမယ့် ဘင်္ဂလီရိုဟင်ဂျာကို ဘင်္ဂလားဒေ့ရှ အစိုးရက လက်မခံလိုပါဘူး။ နိုင်ငံသားတွေ ပြည်ပထွက်တာကိုသာ အားပေးပါတယ်။

ဘင်္ဂလားဒေ့ရှမှာ လူဦးရေသန်း (၁၆၀) ကျော်ရှိပြီး တနှစ် (၂) သန်းနှုန်းနဲ့ ကလေးအများဆုံး မွေးရာဒေသဖြစ်တဲ့အတွက် လူနေထူထပ်ပြီး ဆင်းရဲနွမ်းပါးကြပါတယ်။ အလုပ်ရှားပါးမှုနဲ့ကြောင့် အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင်အာရှကို ထွက်ခွါပြီး အလုပ်ကြမ်းလုပ်တာ များပါတယ်။ ဘင်္ဂလီမွတ်စလင် လှိမ့်ဝင်လာမှာကို ဟန့်တားတဲ့အနေနဲ့ (၈) ပေမြင့်တဲ့ သံဆူးကြိုးတံတိုင်းကို နယ်စပ်မှာ အိန္ဒိယအစိုးရက ဆောက်ထားပါတယ်။ မြန်မာကလည်း ဘင်္ဂလားဒေ့ရှနယ်စပ်မှာ ခြံစည်းရိုးဆောက်နေတာ (၂၀၀၉) ကတည်းကဖြစ်လို့ မိုင်တစ်ရာကျော် သံဆူးကြိုးတံတိုင်း တည်ဆောက်ပြီးကြောင်း သိရပါတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့ ဘင်္ဂလားဒေ့ရှနိုင်ငံသားတွေဟာ နိုင်ငံခြားကို နည်းမျိုးစုံနဲ့ ထွက်ခွါနေကြဆဲဖြစ်လို့ လှေစီးရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ရောထွေပြီး ပြည်ပရောက်ဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။

ဘင်္ဂလီရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှမှာ ခိုလှုံနေတဲ့အကြောင်း အစီရင်ခံစာအမျိုးမျိုးသာ ထုတ်ဝေကြပေမယ့် ဘင်္ဂလားဒေ့ရှအစိုးရကတော့ (၂၀၀၄) မတ်လကမှ ပေါ်လစီစာတမ်း ထုတ်ပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှမှာ ဝင်ရောက်နေထိုင်သူ ဘင်္ဂလီရိုဟင်ဂျာ သုံးသိန်း နဲ့ ငါးသိန်းကြား ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ဒီလူတွေကို စာရင်းလုပ်ပြီး မြန်မာနဲ့ အခြားနိုင်ငံတွေမှာ နေရာချထားဖို့ ရည်ရွယ်ပါတယ်။ ဘင်္ဂလားပင်လယ်ကွေ့က ‘သန်ဂါချား’ ကျွန်းပေါ်မှာ ဘင်္ဂလီရိုဟင်ဂျာတွေကို နေရာချထားမယ့် စီမံကိန်းကို ကူညီကြဖို့ ဘင်္ဂလားဒေ့ရှနိုင်ငံခြားရေး ဝန်ကြီးက ကုလသမ--- အဖွဲ့အစည်းနဲ့ သံတမန်မစ်ရှင် (၆၀) လောက်ကို မကြာမီက မေတ္တာရပ်ခံထားပါတယ်။ ဘင်္ဂလီရိုဟင်ဂျာဟာ ဘင်္ဂလားဒေ့ရှ လူ့အဖွဲ့အစည်းမှာ ဝင်ဆန့်ပေမယ့် ဘင်္ဂလားဒေ့ရှအစိုးရကတော့ နိုင်ငံသားအဖြစ် သတ်မှတ်ဖို့ စိတ်မကူးပါဘူး။

ဘင်္ဂလားပင်လယ်ကွေ့ (၇) နိုင်ငံ ဦးဆောင်မှုအစီအစဉ်မှာရော၊ တရုတ် ဦးဆောင်တဲ့ (၄) နိုင်ငံ စီးပွားရေးစင်္ကြန်မှာရော မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ ပါဝင်ကြပြီး ဒေသဆိုင်ရာကိစ္စမှာ အဆင်ပြေအောင် ကြိုးပမ်းကြပုံရပါတယ်။ ဒါပေမဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ (၂) နိုင်ငံနယ်စပ်ကို ကြီးကြပ်တဲ့ဘက်မှာ အားနည်းနေပုံရပါတယ်။ နယ်စပ်ဟာ လက်နက်ကိုင်အကြမ်းဖက်သမားများ ခိုလှုံရာ ဖြစ်နေတာကြာပါပြီ။ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ပိုင် လက်နက်ခဲယမ်းအများအပြားကို ဘင်္ဂလားဒေ့ရှ အစိုးရတပ်က (၂၀၀၅) မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလ (၉) ရက်နေ့က မွတ်စလင်လက်နက်ကိုင်တစု မောင်းတောရဲစခန်း ဝင်တိုက်တာကိုကြည့်ရင် ဘင်္ဂလားဒေ့ရှ-မြန်မာ နယ်ခြားဒေသဟာ အကြမ်းဖက်သမားကို ဆွဲဆောင်သလို ဖြစ်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခဟာ ပြဿနာကို သက်ဆိုးရှည်စေပါတယ်။

ဘင်္ဂလားဒေ့ရှမှာလည်း လွန်ခဲ့တဲ့နှစ်က IS – Islamic State အစ္စလာမ်းအကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်လာပါတယ်။ ဒါကြောင့် IS အဖွဲ့ခွဲ၊ Al Queda အဖွဲ့ခွဲနဲ့ ဒေသခံအကြမ်းဖက်သမားစသဖြင့် အမျိုးမျိုးရှိလာတာ တွေ့ရပါတယ်။ ရိုဟင်ဂျာဒုက္ခသည် ပြဿနာကို အကြောင်းပြပြီး အမျိုးမျိုးအကြမ်းဖက် ပြနိုင်ပါတယ်။ ရေရှည်နိုင်ငံရေးလမ်းစဉ် မရှိဘဲ စစ်အင်အားနဲ့ ဖိနှိပ်တာဟာ အခြေအနေကို ပိုဆိုးဝါးစေပါတယ်။ NLD အစိုးရဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို မနှစ်ကမှ ဖွဲ့စည်းထားတာဖြစ်လို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဘင်္ဂလီရိုဟင်ဂျာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂ နဲ့ အပြည်ပြည်ဆိုင်ရာ အရပ်သားအဖွဲ့တွေက ဘင်္ဂလားဒေ့ရှအစိုးရကို တိုက်တွန်းသင့်တယ်လို့ Indiana တက္ကသိုလ် ပါမောက္ခ Sumit Ganguly က အကြံပြုထားပါတယ်။ ဝင်လာတဲ့ ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် ဘင်္ဂလားဒေ့ရှ က မှတ်ပုံတင်မယ်ဆိုရင် အကြမ်းဖက်သမားလူဆိုးနဲ့ ခွဲခြားနိုင်မှာမို့ လုပ်ရကိုင်ရတာ ပိုပြီးအဆင်ပြေမယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှဟာ လွတ်လပ်ရေးရကတည်းက အပြည်ပြည်ဆိုင်ရာ အကူအညီမျိုးစုံကို လက်ခံခဲ့တာမို့ ရိုဟင်ဂျာကိစ္စမှာ ကူညီဖို့ ကိုယ်ကျင့်တရားအရ တာဝန်အရှိဆုံးဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။