'ဝ'တပ်ဖွဲ့ ဘယ်လဲ

'ဝေ'ဒသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား သတင်းဓာတ်ပုံများ။ (ဓာတ်ပုံ - ချယ်ရီမြေ-ရှမ်းမြောက်)

Your browser doesn’t support HTML5

'ဝ'တပ်ဖွဲ့ ဘယ်လဲ

လွန်ခဲ့တဲ့ ဧပြီလက 'ဝ'ပြည်သွေးစည်းညီညွှတ်ရေးပါတီနဲ့ 'ဝ'တပ်ဖွဲ့ရဲ့ အနှစ် (၃၀) ပြည့် အခမ်းအနားကို 'ပန်ဆန်း' မှာ ကျင်းပခဲ့ပါတယ်။ 'ဝ'စစ်သည် (၈၀၀၀) လောက် လက်နက်ကြီးငယ်မျိုးစုံနဲ့ စစ်ရေးပြကြပါတယ်။ စစ်ရေးပြအခမ်းအနားတွေမှာ နေပြည်တော်ပြီးရင် ပန်ဆန်းဟာ အကြီးဆုံးပဲလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် 'ဝ'တွေဟာ စင်ပြိုင်အစိုးရနဲ့ စစ်ပြိုင်တပ်မတော် တည်ထောင်နေတယ်လို့ ဇွန်လ (၂) ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ပြန်ကြားရေးအဖွဲ့က တုံ့ပြန်ပြောဆိုပါတယ်။ သာမန်စစ်ရေးပြပွဲသာဖြစ်ပြီး တပ်မတော်နဲ့ ပြိုင်တာမဟုတ်ဘူးလို့ 'ဝ'အဖွဲ့က ဖြေရှင်းပါတယ်။

တကယ်တော့ 'ဝ'တွေဟာ ထောက်လှမ်းရေးနဲ့ နားလည်မှုယူပြီး အပစ်အခတ်ရပ်စဲခဲ့တာ ဖြစ်ပါတယ်။ ဘာစာချုပ်စာတမ်းမှ လက်မှတ်ထိုးထားတာ မဟုတ်ပါဘူး။ ထောက်လှမ်းရေးရဲ့ နှုတ်ကတိကို ယုံကြည်လို့ အပစ်ရပ်ပြီး စီးပွားရေးဝင်လုပ်တာ ဖြစ်ပါတယ်။ ၁၉၈၉ ကနေ ၂၀၁၁ အထိ အနှစ် (၂၀) ကျော် စစ်အစိုးရနဲ့ 'ဝ'တပ်ဖွဲ့ဟာ နားလည်မှုနဲ့ ဆက်ဆံလာခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာတော့မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးနဲ့ သဘောတူညီချက်တွေ လက်မှတ်ထိုးတာ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရနဲ့ 'ဝ'တပ်ဖွဲ့တို့ရဲ့ ပထမဦးဆုံး သဘောတူညီချက်ကို (၂၀၁၁) ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှာ၊ လာရှိုးမြို့မှာ လက်မှတ်ထိုးကြပါတယ်။ (၁) နှစ်ကြာတော့ ဦးအောင်သောင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ဦးလျှောက်မင်းလျှံ ခေါင်းဆောင်တဲ့ 'ဝ'ငြိမ်းချမ်းရေးအဖွဲ့တို့ (၂၀၁၂) ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ ပန်ဆန်းမှာ သဘောတူညီချက် လက်မှတ်ရေးထိုးကြပါတယ်။ သဘောတူညီချက် (၆) ခုထဲမှာ ပြည်ထောင်စုလွှတ်တော်ကို 'ဝ'ကိုယ်စားလှယ်လွှတ်ရေးကိစ္စ၊ ဆက်လက်ဆွေးနွေးဖို့လည်း ပါဝင်ပါတယ်။ နောက် (၆) လကြာတော့ အစိုးရငြိမ်းချမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ 'ဝ'ကိုယ်စားလှယ် ဦးကျောက်ကော်အန်တို့ (၂၀၁၃) ဇူလိုင်လ (၁၂) ရက်နေ့မှာ ကျိုင်းတုံမှာ သဘောတူညီချက် လက်မှတ်ထိုးပြန်ပါတယ်။ ယခင်သဘောတူညီချက်တွေကို ဆက်လက်လိုက်နာဖို့ အရင်ကရှိခဲ့တဲ့ နားလည်မှု၊ ယုံကြည်မှုတွေအတိုင်း ညှိနှိုင်းဆွေးနွေးဖြေရှင်းဖို့ နဲ့ ခွဲထွက်ခွင့်မပြုဘဲ နိုင်ငံတော်တည်တံ့ခိုင်မြဲအောင်လုပ်ဖို့ နှစ်ဘက်သဘောတူညီကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၂) ပုဒ်မ (၅၆) မှာ 'ဝ'နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ဖော်ပြထားပါတယ်။ ဒါကို မကျေနပ်လို့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲနှစ်ခုစလုံးကို 'ဝ'နယ်မြေမှာ ကျင်းပခွင့်မပြုခဲ့ပါဘူး။ 'ဝ'အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရရင် 'ဝ'ဒေသမှာ ဗဟိုအစိုးရကလည်း ဘာမှမလုပ်နိုင်ပါဘူး။ 'ဝ'နယ်မြေမှာ 'ဝ'တပ်ဖွဲ့ကလွဲပြီး ဘယ်သူမှ လက်နက်ကိုင်ဆောင်ခွင့် မရှိတဲ့အတွက် အစိုးရတပ်လည်း ကိုင်ဆောင်ခွင့် မရှိပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ရေးအရှိဆုံးဟာ 'ဝ'ဒေသ ဖြစ်ပါတယ်။ ပထဝီအနေအထား၊ အမျိုးသားစိတ်ဓါတ်၊ မူးယစ်ဆေးဝင်ငွေနဲ့ တရုတ် ထောက်ပံ့မှုတို့ကို ပေါင်းစပ်လိုက်တဲ့အခါမှာ 'ဝ'နယ်မြေဟာ အာဏာအပြည့်အဝရှိတဲ့ ပြည်နယ်တခုလို ဖြစ်နေပါတယ်။

တရုတ်ပြည်ဘက်မှာ 'ဝ'တိုင်းရင်းသား ငါးသိန်းကျော်ရှိပြီး မြန်မာပြည်ဘက်မှာ ငါးသိန်းကျော် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ခွဲထွက်ပြီး တစင်ထောင်တာမျိုး ရှိပေမယ့် 'ဝ'သွေးစည်းညီညွှတ်ရေးပါတီနဲ့ တပ်ဖွဲ့ကို ပြိုင်ဆိုင်မယ့် အဖွဲ့အစည်း 'ဝ'နယ်မြေမှာ မပေါ်သေးပါဘူး။ ဒါဟာ 'ဝ'အဖွဲ့ရဲ့ အားသာချက်တခု ဖြစ်ပါတယ်။ ကွန်မြူနစ်လက်အောက်ခံ ဖြစ်ခဲ့တဲ့ 'ဝ'အဖွဲ့ဟာ ဗဟိုချုပ်ကိုင်မှုစနစ် ကျင့်သုံးပါတယ်။ ကိုယ့်ပိုင်နက်ကို ကာကွယ်နိုင်ဖို့နဲ့ ကိုယ့်ပိုင်နက်တွင်းက ရန်သူကို ရှင်းလင်းနိုင်စွမ်းရှိဖို့ကိစ္စဟာလည်း ပြည်နယ်တည်ဆောက်ရေးမှာ အရေးကြီးပါတယ်။ စစ်အင်အားကြောင့် ဒီအခြေအနေကို အနှစ် (၃၀) ကျော် ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ရေရှည်ရပ်တည်ဖို့ အခက်အခဲရှိမယ်လို့ သုံးသပ်ကြပါတယ်။ နေရာတိုင်းမှာ လက်နက်အားကိုးပြီး ပြဿနာ ရှင်းလို့ရတာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးဆွေးနွေးနိုင်ဖို့အတွက် တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးရမယ်လို့ 'ဝ'အဖွဲ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ 'ဝ'အဖွဲ့ကလည်း လက်မှတ်မထိုးဘဲ ယခင်ရပ်တည်ချက်ကို ထပ်မံအတည်ပြုဖို့ ပြောဆိုပါတယ်။ NCA သက်တမ်း (၃) နှစ်ကျော်လာတဲ့အခါမှာ လက်မှတ်ထိုးတဲ့အုပ်စုနဲ့ မထိုးတဲ့အုပ်စုဆိုပြီး အုပ်စုနှစ်စု ကွဲသွားပါတယ်။ လက်မှတ်မထိုးတဲ့အုပ်စုမှာ 'ဝ'အဖွဲ့ (UWSA), ကချင်အဖွဲ့ (KIA), ရှမ်းအဖွဲ့ (SSPP), ကိုးကန့်အဖွဲ့ (MNDAA), တအောင်းအဖွဲ့ (TNLA), မိုင်းလားအဖွဲ့ (NDAA), ရခိုင်အဖွဲ့ (AA) စတဲ့ အဖွဲ့ (၇) ဖွဲ့ ပါဝင်ပြီး 'ဝ'အဖွဲ့ ဦးဆောင်တဲ့ ဖယ်ဒရယ်နိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေးကော်မတီ FPNCC ကို ဖွဲ့စည်းထားပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ (၁၆ - ၁၇) ရက်တွေမှာ ဒီကော်မတီဝင်တွေ ပန်ဆန်းမှာ အစည်းအဝေးကျင်းပပြီး အပစ်ရပ်ကိစ္စကို ဆွေးနွေးကြောင်း သိရပါတယ်။ 'ဝ' ဦးစီးတဲ့ (၇) ဖွဲ့အုပ်စုမှာ တိုင်းရင်းသားစစ်အင်အားရဲ့ (၈၀) ရာခိုင်နှုန်းရှိပြီး အစိုးရနဲ့ လက်မှတ်ထိုးထားတဲ့ (၁၀) ဖွဲ့မှာ (၂၀) ရာခိုင်နှုန်းသာ ရှိပါတယ်။ (၇) ဖွဲ့အုပ်စုမှာ 'ဝ'နဲ့ မိုင်းလားအုပ်စုကလွဲရင် အစိုးရနဲ့ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ အစိုးရဘက်က အပစ်ရပ်စာချုပ် အရင်လက်မှတ်ထိုးဖို့ လိုလားပါတယ်။ ဒါပေမဲ့ 'ဝ'တပ်ဖွဲ့ ကချင် အတွေ့အကြုံအရ အပစ်အခတ်ရပ်စဲမှုကို စာချုပ်နဲ့ အကောင်အထည်ဖော်လို့မရဘဲ အပြန်အလှန်ယုံကြည်မှုရှိဖို့က ပိုပြီးအရေးကြီးတယ်လို့ နားလည်နေကြပုံရပါတယ်။