အလွဲသုံးစား ကျိတ်ဝိုင်းများ

မြန်မာနိုင်ငံ အလွဲသုံးစား အညွှန်းကိန်း (၂၀၁၃) Transparency International Website

ဘတ်ဂျက်ငွေနဲ့ သယံဇာတပစ္စည်း အလွဲသုံးစားလုပ်တာဟာ မြန်မာအစိုးရဝန်ထမ်း ရဲ့ ဓလေ့ထုံးစံလို ဖြစ်နေတာ ကြာပါပြီ။ အစိုးရဝန်ထမ်းထဲမှာ လာဘ်ပေးလာဘ်ယူမှု နဲ့ အဂတိလိုက်စားမှုတွေ ရှိနေဆဲဖြစ်လို့ စိတ်ပြောင်းလဲပစ်ဖို့ လိုအပ်ကြောင်း လွန်ခဲ့ တဲ့နှစ် သြဂုတ်လမှာ ကျင်းပတဲ့ အစိုးရအဖွဲ့ ပထမ ၄ လပတ် အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ပြောဆိုပါတယ်။ ဘတ်ဂျက်ငွေ အလွဲသုံးစားလုပ်ပုံဟာ ဆီးသီး ပန်းမှောက်တာကို ဝိုင်းနှိုက်သလို ဖြစ်နေတယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပေးတဲ့ဥပမာကို လူကြိုက်များပါတယ်။ နောက် ၆ လလောက် ကြာတော့ ဘတ်ဂျက်အလွဲသုံးစားလုပ်သူ အများစုဟာ အဆင့်မြင့် ဝန်ထမ်းတွေဖြစ်ပြီး အောက်ခြေဝန်ထမ်းက နည်းတယ် လို့ ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦး ထုတ်ဖော်ပြောဆိုတာ ကို ပြည်တွင်းမီဒီယာမှာ ဖော်ပြပါတယ်။

ဘတ်ဂျက်အလွဲသုံးစားလုပ်မှုပေါင်း ၈၀၀ နီးပါး ရှိပါတယ်။ ပညာရေးနဲ့ လူမှုဝန်ထမ်း ဝန်ကြီးဌာနမှာ အလွဲသုံးစားလုပ်ပုံကို NLD လွှတ်တော်အမတ် ဒေါ်စန္ဒာမင်း က ဇူလိုင် ၁၆ ရက်နေ့က လွှတ်တော်မှာ တင်ပြပါတယ်။ ဘဏ္ဍာငွေ သုံးစွဲပုံ ကိုဖော်ပြတဲ့ စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာကို ကိုးကားပြီး ထောက်ပြခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမဲ့ သဘာဝသယံဇာတ လုပ်ငန်းမှာလည်း အလွဲသုံးစားလုပ်မှုတွေ များပါတယ်။

ရေနံ၊ ဓာတ်ငွေ့နဲ့ တွင်းထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းမှာ ကွယ်ဝှက်မှုနဲ့ အလွဲသုံးစား လုပ်မှု အများဆုံးဖြစ်ပါတယ်။ တာဝန်ကျေပွန်စွာ ထမ်းဆောင်သလားဆိုတာကို သိနိုင်ဖို့အတွက် ကန်ထရိုက်စာချုပ်ကို လွှတ်တော် (သို့မဟုတ်) ပြည်သူ သိအောင် ပြသဖို့လိုပါတယ်။ မြန်မာပြည်မှာ အုံ့ပုန်းစာချုပ်များတာဟာ အဂတိ လိုက်စားမှုကို အားပေးသလို ဖြစ်နေပါတယ်။ ဒါကြောင့် သယံဇာတ ထုတ်လုပ်မှုမှာ သတင်းအချက်အလက် မရှိသလောက် ဖြစ်နေတယ်လို့ Natural Resource Governance Institute (ခေါ်) သဘာဝ သယံဇာတ ကြီးကြပ်ရေးအဖွဲ့က ဆိုပါ တယ်။ Freedom of Information Law ဆိုတဲ့ လွတ်လပ်စွာ သတင်းယူခွင့် ဥပဒေ မြန်မာနိုင်ငံမှာ မရှိတဲ့အတွက် လုပ်ငန်းကို မဖော်ပြတာဟာ အရေးမကြီး သလို ဖြစ်နေပါတယ်။

NRGI (ခေါ်) သဘာဝသယံဇာတ ကြီးကြပ်ရေးအဖွဲ့က ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီး ၅၈ နိုင်ငံကို ၂၀၁၃ က စစ်တမ်းကောက်တဲ့အခါ မှာ မြန်မာဟာ အောက်ဆုံးမှာ ဖြစ်နေပါတယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်သိမှု၊ ပညာပေးမှု၊ ပြည်သူပါဝင်နိုင်မှု စတာတွေကို စစ်ဆေးတဲ့အခါ အကောင်းဆုံး အမြင့်ဆုံးကို အမှတ် ၁၀၀ ပေးထားပါတယ်။ အာရှနိုင်ငံတွေထဲမှာ အိန္ဒိယက အမှတ် ၇၀၊ အင်ဒိုနီးရှားက ၆၆ မှတ်၊ ဖိလစ်ပိုင်က ၅၄ မှတ်၊ မလေးရှားက ၄၆ မှတ်၊ တရုတ်က ၄၃ မှတ်၊ ဗိယက်နမ်က ၄၁ မှတ် နဲ့ ကမ္ဘောဒီးယားက ၂၉ မှတ် ရကြပါတယ်။ မြန်မာကတော့ လေးမှတ်ထဲသာ ရတဲ့အတွက် အချာဆုံးနဲ့ အညံ့ဆုံး ဖြစ်နေပါတယ်။ နာမည်ကောင်း လိုချင်လို့ သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့မှာ အဖွဲ့ဝင်လောင်း ဖြစ်လာပေမယ့် ကျိတ်ဝိုင်းဓလေ့နဲ့ အလွဲသုံးစားလုပ်တဲ့အကျင့်ကို မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေပါတယ်။

သဘာဝ သယံဇာတ ထုတ်ယူနေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေအကြောင်း အစီရင်ခံစာရေးဖို့ Natural Resource Governance Institute (ခေါ်) သဘာဝသယံဇာတ ကြီးကြပ်ရေးအဖွဲ့က ကြိုးစားတဲ့အခါမှာ ကျိတ်ဝိုင်းစနစ်ကို မထိုးဖောက်နိုင်ဘဲ ဖြစ်နေပါတယ်။ အစိုးရဝန်ကြီးဌာနတွေဟာ သတင်းထုတ်ပြန်ရာမှာ အလွန်အားနည်းတယ်လို့ NRGI အရာရှိ Patrick Heller က ပြောဆိုကြောင်း ဇူလိုင်လ ၂ ရက်နေ့ထုတ် မြန်မာတိုင်းမ်မှာ ဖော်ပြပါတယ်။ ဘယ်ဌာနက ဘယ်လောက်မြတ်ပြီး၊ ဘယ်လောက်ရှုံးတယ်ဆိုတာကို မထုတ်ပြန်တဲ့အတွက် နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ အခြေအနေကို သိရှိနိုင်ဖို့ ခက်ခဲနေပါတယ်။ မကြာမီက အစိုးရချပေးတဲ့ ရေနံနဲ့ ဓာတ်ငွေ့ လုပ်ကွက် ၃၆ ခုမှာ ပိုင်ဆိုင်မှုကို မဖော်ပြနိုင်တဲ့ မြန်မာကုမ္ပဏီ ၇ ခုနဲ့ နိုင်ငံခြားကုမ္ပဏီ ၁၁ ခု ရှိနေတာဟာ ကျိတ်ဝိုင်းဓလေ့ကို ပြသနေတာ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှု မဖော်ပြတဲ့ ကုမ္ပဏီနှစ်ခုဟာ ဦးအောင်သောင်းရဲ့ သားတွေဖြစ်တဲ့ နေအောင်နဲ့ ပြည်အောင်တို့ရဲ့ သြဇာခံတွေဖြစ်ကြောင်း သိရှိရပါတယ်။ အာဏာပိုင်တွေရဲ့ ဆွေမျိုးသားချင်းတွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို လျှို့ဝှက်ထားတာဟာ စစ်အစိုးရရဲ့ အကျင့်ဓလေ့ဖြစ်ပါတယ်။ အစိုးရဌာန မပြောနဲ့ ပုဂ္ဂလိကကုမ္ပဏီကိုတောင် သတင်းအချက်အလက် တောင်းခံလို့ ရတာမဟုတ်ပါဘူး။ ဒါပေမဲ့ EITI သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့မှာ အဖွဲ့ဝင်လောင်း ဖြစ်လာတဲ့ မြန်မာနိုင်ငံဟာ နောက် ၅ လအကြာမှာ ပထမဆုံး EITI အစီရင်ခံစာ ထုတ်ပြန်ရမှာဖြစ်ပြီး ၂၀၁၇ ဇန်နဝါရီလမှာ ပထမအကြိမ် အစစ်ဆေးခံ ရပါလိမ့်မယ်။

EITI ရည်ရွယ်ချက် အကောင်အထည် ဖော်မှုကို စောင့်ကြည့်ဖို့အတွက် အစိုးရ လုပ်ငန်းရှင်နဲ့ အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ညွှန့်ပေါင်းအဖွဲ့ ရှိပေမယ့် အာဏာပိုင်တွေရဲ့ ကျိတ်ဝိုင်းကို ထိုးဖောက်နိုင်ပုံ မရပါဘူး။ ညွှန့်ပေါင်းအဖွဲ့မှာ လွှတ်တော်အမတ်တွေ ပါဝင်ဖို့ လိုပါတယ်။ သဘာဝသယံဇာတက ရတဲ့ဝင်ငွေကို အများပြည်သူအတွက် အသုံးပြုမပြု၊ ပြည်သူ့ကိုယ်စားလှယ်က စစ်ဆေးတာ သဘာဝ အကျဆုံး ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာတာ ၅ နှစ်နီးပါး ရှိလာပေမယ့် အာဏာပိုင်တွေရဲ့ အလွဲသုံးစား ကျိတ်ဝိုင်းများကို ဖျက်ဆီးဖို့ မစွမ်းဆောင်နိုင်ဘဲ ဖြစ်နေပါတယ်။