ကိုဗစ်ကန့်သတ်မိန့်ကာလအတွင်း လုပ်သားလစာကိစ္စ ညှိနှိုင်းနေဆဲ

ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေကြသူများ။ (စက်တင်ဘာ ၁၈၊ ၂၀၁၅)

[Zawgyi/Unicode]

ရန်ကုန်တိုင်းက စက်ရုံတွေကို မနက်ဖြန်ကစပြီး သီတင်း ၂ ပတ်ကြာ ပိတ်ထားမယ်ဖို့ အစိုးရက စီစဉ်ထားပေမဲ့ လုပ်ငန်းတွေ ရပ်နားထားချိန်မှာ အလုပ်သမားတွေရဲ့ လစာကို ဘယ်လိုပေးမလဲဆိုတဲ့ ညှိနှိုင်းမှုတွေ အဖြေမထွက်သေးတဲ့အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်ကပြောပြပေးပါမယ်။

၁၄ရက် တာကာလ အလုပ်မဆင်းပဲနေရမဲ့ အလုပ်သမားတွေ အခြေခံလုပ်ခလစာနှုန်းတားနဲ့ ရင်သင့်တယ်လို့ အလုပ်သမားသမဂ္ဂတွေက အစိုးရနဲ့ အလုပ်ရှင်တွေနဲ့ သုံးပွင့်ဆိုင် အွန်လိုင်းအစည်းအဝေးမှာ တင်ပြခဲ့တာပါ။ အစိုးရဘက်ကတော့ သူတို့အနေနဲ့ လူမှုဖူလုံကြေးထဲက ၄၀ ရာခိုင်နှုန်းအတွက် တာဝန်ယူနိုင်တဲ့အပိုင်းကို အလုပ်ရှင်နဲ့ အလုပ်သမားတွေကို တင်ပြထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဗွီအိုအေကို ပြောပါတယ်။

“ဒါတော့ အလုပ်ရှင်နဲ့ ရန်ကုန်တိုင်းအစိုးရ ဆက်ညှိနေတယ်လို့ သိရတယ်၊ ဒီဘက်က တို့ sector ကတော့ လူမှုဖူလုံကြေး ၄၀ ရာခိုင်နှုန်း အကျုံးဝင်တဲ့ အလုပ်သမားတွေအတွက်တော့ ပေးဖို့ဆိုတာကတော့တို့လည်း တင်ပြ၊ ဆောင်ရွက်ထားတာပေါ့ကွာ။ အလုပ်ရှင်ကတော့ သူတို့အချင်းချင်း ညှိနှိုင်းဦးမယ် ထင်ပါတယ်။ အလုပ်ရှင်တွေကို မေတ္တာရပ်ခံထားတာပေါ့၊ ဒီအချိန်မှာတော့ နည်းနည်းလေး၊ ဒါ သူတို့မှာလည်း အခက်အခဲတွေရှိတာပေါ့ ဘယ်လိုလဲတော့ မပြောတတ်ပေါ့ တို့ကလည်း။ အလုပ်ရှင်က no work, no pay (လုပ်ငန်းခွင်မဝင်ရင် လစာမပေးရ) တွေလည်း ရှိတာပဲ။”

SEE ALSO: ထိုင်းရောက်မြန်မာအလုပ်သမားတွေ လုပ်ခအပြည့်ရရေး ဥပဒေကြောင်းအရ တောင်းဆို

အလုပ်ရှင်အများစုကတော့ ကုန်ချောအမှာတွေ ရှိနေလို့ စက်ရုံ ၂ ပတ် ပိတ်ထားရတဲ့အပေါ်သဘောမတူကြပါဘူးလို့ ဆိုပါတယ်။ အလုပ်ရှင်တွေကလည်း လူမှုဖူလုံကြေးထည့်ဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းကို အစိုးရက ပေးသင့်တယ်လို့ ထောက်ပြနေတာလည်း ရှိပါတယ်။ အလုပ်သမားသမဂ္ဂတွေနဲ့ အစိုးရ၊ အလုပ်ရှင် စက်တင်ဘာ ၁၁ ရက်မှာပဲ အွန်လိုင်းအစည်းအဝေးမှာ နောက်ဆုံးတွေ့ဆုံထားကြတာပါ။ ဒီနောက်ပိုင်း အလုပ်ရုံတွေပိတ်ပြီး လုပ်ခလစာညှိနှိုင်းရေး အစိုးရဘက်က ဆွေးနွေးဖို့ထပ်ကမ်းလှမ်းလာတာမျိုး မရှိသေးသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဒေါ်ခိုင်ဇာအောင်က ဗွီအိုအေကို ပြောပါတယ်။

“လူမှုဖူလုံရေးကနေ တချို့သုံးဖို့ရယ် ပြီးတော့ EU funding ပေါ့နော်။ အီးယူရန်ပုံငွေကနေ သုံးဖို့၊ အလုပ်ရှင်ကလည်း တချို့ကို ပံ့ပိုးဖို့ဆိုတာတွေ ကျမတို့ တင်ပြတာရှိပါတယ်။ ၂၁ ရက်ကတော့ ကျမတို့ကို (အစိုးရက) အစည်းအဝေးရှိတယ်ဆိုပြီး ဖိတ်ပါတယ်။ သို့သော်ဒါကို နာရီဝက်အတွင်းပဲ ပြန်ပြီးတော့ cancel ဖြစ်သွားတယ်ဆိုပြီး အကြောင်းပြန်လာပါတယ်၊ ဒါကြောင့်မို့ ကျမတို့မှာ ဆွေးနွေးထားတာ မရှိပါဘူး၊ အဲဒီတော့ အစိုးရအပေါ်မှာပဲ မူတည်တယ်ရှင့်။ အခုတော့ အလုပ်ရှင်တွေနဲ့ ဆွေးနွေးတာတော့ ကျမတို့တွေ့တယ်၊ သမဂ္ဂနဲ့တော့ ပြန်ချိန်းတာ မရှိသေးပါဘူး။”

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က စက်ရုံအလုပ်သမားတွေလည်း ကိုဗစ်ရောဂါကူးစက်ခံရလို့ ရန်ကုန်တိုင်းလိုပဲ စက်ရုံတွေ ပိတ်သင့်လားဆိုတာ တိုင်းအစိုးရက ဒီနေ့ အစည်းအဝေးလုပ်ခဲ့တာပါ။

အလုပ်သမားရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေကတော့ အလုပ်သမားတွေ လူမှုဖူလုံရေးအတွက် အစိုးရက ရေရှည်အစီအစဉ်တွေကို စဉ်းစားဖို့ လိုအပ်နေပြီလို့လည်း သတိပေးနေကြပါတယ်။ လတ်တလောမှာတော့ ဥရောပသမဂ္ဂ EU ကတော့ ကိုဗစ်ကပ်ရောဂါကာလ ထိခိုက်သွားတဲ့ မြန်မာ အထည်ချုပ်လုပ်သား ၉၀၀,၀၀၀ အတွက် အရေးပေါ်ရန်ပုံငွေ ယူရို ၅,၀၀၀,၀၀၀ (ကျပ်ငွေ ၇.၉ ဘီလီယံ) ထောက်ပံ့ထားပြီး နောက်ထပ် ယူရို ၅,၀၀၀,၀၀၀ ပေးဖို့လည်း ကတိပြုထားပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်ကန့်သတ်မိန့်ကာလအတွင်း လုပ်သားလစာကိစ္စ ညှိနှိုင်းနေဆဲ

[Unicode Version]





SEE ALSO: ရန်ကုန်တိုင်းတွင်း စက်ရုံအလုပ်ရုံတွေကို သီတင်းနှစ်ပတ်ပိတ်မည်



